Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ကျွန်တော် ချစ်သော-ကိုလူချော ..........


 

ကျွန်တော် ချစ်သော-ကိုလူချော



ရန်ကုန်ကွန်ပျူတာတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၂၀၁၃-၂၀၁၄)တွင် ဖော်ပြခြင်းခံရသော ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါသည် ။ 


ရေးသူ - ဂါဦးနွန်းကို




V V V V V V V V V V V V


   အချစ်မှာလည်း အရောင်စုံတယ်ဗျ ။
- ပန်းရောင်အချစ်…တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်း ရှေးဘဝရေစက်ကြောင့် စွဲလန်းတွယ်တာသွားမိတာမျိုး ။
- အပြာရောင်အချစ်…သူငယ်ချင်းသံယောဇဉ် ၊ မောင်နှမလိုသံယောဇဉ်ကနေ ၁၅၀၀အချစ်ဆီကို ကူးပြောင်းသွားတာမျိုး ။
- အနီရောင်အချစ်…တစ်ယောက်ကိုတစ်ယောက်မှ မပိုင်ဆိုင်ရရင် အသက်ကိုတောင် စတေးဝံ့တဲ့ ရိုမီယိုနဲ့ဂျူးလိယက်တို့လို
  မျိုး ။
- အမဲရောင်အချစ်…တစ်ယောက်ကိုတစ်ယောက် ညစ်ညမ်းတဲ့အတွေးမျိုးနဲ့ စွဲလန်းနေတာမျိုး ၊ တစ်ယောက်ရဲ့ပစ္စည်းဥစ္စာ
  အပေါ် တစ်ယောက်က တပ်မက်တဲ့ဆန္ဒနဲ့ ဖက်တွယ်နေတာမျိုး ။ …………… (ကျော်ဇော)

V V V V V V V V V V V V
 


      အချစ်စစ်ဆိုတာ destop computerတစ်လုံးလိုပဲ ။ လူတွေက ခေါ်ကြတယ် ။ ကွန်ပျူတာ…ကွန်ပျူတာတဲ့ ။ ကဲ…ဘယ် အရာကိုများ ကွန်ပျူတာလို့ ခေါ်တာလဲ ။ screenမျက်နှာပြင်ကြီးကိုလားဆိုတော့ မဟုတ်ဘူးလေ ။ အဲဒါက monitor ။ ဒါဆို တဒေါက်ဒေါက် ရိုက်လို့ရတဲ့ခလုတ်တွေ ။ No…အဲဒါက Keyboard ။ ဒါဆို အဓိကအကျဆုံး ဘေးကလေးထောင့်တုံးကြီး ။ အဲဒါက CPU (mother board)မဟုတ်လား ။ ဒါဆို ကွန်ပျူတာက ဘယ်မှာလဲ ။ ကွန်ပျူတာဆိုတာ ဒါတွေအားလုံးပေါင်းစပ် လိုက်တဲ့အခါမှာ ပေါ်ထွက်လာတဲ့ စကားလုံးလေးတစ်လုံး ။ လူတစ်ယောက်ကို မြတ်မြတ်နိုးနိုးချစ်တဲ့အချစ်ဟာလည်း ဒီလိုပဲ ။ ရုပ်ကလေးလှလို့၊ အသားလေး ဖြူလို့၊ အရပ်မြင့်လို့၊ အပြောကောင်းလို့-ဆိုပြီး ရွေးချယ်နေသရွေ့ အဲဒါကို အချစ်စစ်လို့ ကိုယ် မသတ်မှတ်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် ရွေးချယ်ထားမိတဲ့အရာ ချို့ယွင်းသွားတဲ့အခါကျရင် အဲဒီအချစ်မျိုးဟာ ပျောက် ကွယ်သွားနိုင်တယ်လေ ။
-  ကိုယ်ကတော့ ကိုယ်ချစ်တဲ့သူအပေါ်မှာ ဘာကိုမှမတပ်မက်ဘဲ အဲဒီလူကို “အဲဒီလူ”အဖြစ်ပဲ ချစ်ချင်တယ် …
- “အဲဒီလူ”နဲ့ပတ်သက်တဲ့ အသေးအဖွဲကိစ္စလေးတွေကအစ ကိုယ် တန်ဖိုးထားပြီး ဂရုစိုက်နေချင်တယ် ။………( ပိုင်စေ )


V V V V V V V V V V V V
 

      ပြောရဦးမယ် ။ ခင်ဗျားတို့လည်း စိတ်ဝင်စားမယ့်အကြောင်းအရာပဲဗျာ့ ။ သူများအတင်းလည်း မပြောတတ်ပါဘူး ။ စပ်မိစပ်ရာ ဘာညာကွိကွဆိုတဲ့ စိုင်းစိုင်းရဲ့သီချင်းအတိုင်းပဲ…ကျွန်တော်ကလည်း သူများအတင်းတော့ မပြောတတ်ဘူး ။ ဒီတော့ ကိုယ့်အတင်းပဲ ကိုယ်ပြောတော့မယ် ။ အဲ…ကိုယ့်အကြောင်းကိုယ် ပြောတာဆိုတော့ အတင်းလို့တော့ ဘယ်ခေါ်ပါ့ မလဲ ။ autobiographyလို့ခေါ်ရမလား ။ true storyဆိုပါတော့…။ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ။ ကဲဗျာ…ကျွန်တော် ရင်ဖွင့်ချလိုက်တော့မယ် ။ ဟို…တစ်ခုတော့ ကြိုပြောပါရစေ ။ ဇာတ်လမ်းက သဘာဝလွန်ဖြစ်နေတော့ ခင်ဗျားတို့ ယုံချင်မှ ယုံပေါ့ဗျာ ။
       ကျွန်တော့်မှာ သူငယ်ချင်းနှစ်ယောက်ရှိတယ် ။ အဲ…တက္ကသိုလ်ကျောင်းသားမို့လို့ သူငယ်ချင်းအပေါင်းအသင်းတော့ အများကြီးရှိတာပေါ့ ။ ဒါပေမဲ့ တပူးတွဲတွဲသူငယ်ချင်းဆိုရင်တော့ သူတို့နှစ်ယောက်ပဲ ။ တစ်ယောက်နဲ့တစ်ယောက် မလျှို မဝှက်ဘဲ ရင်ဖွင့်တိုင်ပင်နေကျ ၊ စိတ်ထဲရှိသမျှ ဖွင့်ပြောနေကျ ။ ပေါင်းလာတာကလည်း လေးနှစ်နီးပါးရှိပြီဆိုတော့ တစ် ယောက်အကြောင်းတစ်ယောက် အတွင်းသိအစင်းသိ ။ ဒီကောင်နှစ်ကောင်အကြောင်း ပြောရရင် ခင်ဗျားတို့ အံ့သြကောင်း အံ့သြသွားလိမ့်မယ် ။ 

   “ ဒီကောင်နှစ်ကောင်က ယောက်ျားလေးတွေကိုမှ စိတ်ဝင်စားတာ ။”…

တဲ့ခင်ဗျာ ။ အံ့စရာ ။ ပုံစံက ကျားကျားလျားလျားတွေနဲ့ ဘယ်သူက ထင်မှာလဲ ။ အဲ…နှစ်ယောက်လုံးက ယောက်ျားတွေကို  
စိတ်ဝင်စားကြတာချင်းတူပေမဲ့ တစ်ယောက်တစ်မျိုးစီ ။
- မိုးကြီးဆိုတဲ့ပထမသူငယ်ချင်းရဲ့အကြိုက်က ရုပ်ချောရင် ပြီးရော ။ ခပ်ချောချောခပ်သန့်သန့်ကောင်လေးတွေကိုဆို သူက မရှက်တမ်းလိုက်ငမ်းတတ်တယ် ။ ကိုယ့်ပုံစံကြီးကိုမှ ကိုယ်မငဲ့ညှာ ။
- နောက်တစ်ယောက်က စိုးကြီး ။ သူကျပြန်တော့ ဖောရွေတဲ့အဆင်လေးတွေကို တွေ့တာနဲ့ ခပ်တည်တည်ဝင်ရောတော့ တာပဲ ။ သူ့ရှပ်အင်္ကျီအိတ်ကပ်ထဲမှာ အမြဲထည့်ထားတတ်တဲ့ အပြင်းဆုံးမီး-ရာဂမီးဆိုတဲ့ အရှင်ဆန္ဒာဓိကရဲ့တရားစာအုပ် ကလေးကိုမှ အားမနာ ။
    ဒီအကြောင်းတွေသိရတော့ ခင်ဗျားတို့ အံ့သြသွားသလား ။ ဒါမှမဟုတ်…ဘယ်လိုဟာကြီးတွေလဲဆိုတဲ့အတွေးမျိုးနဲ့ ရွံရှာ စိတ်ပျက်သွားသေးလား ။ ဒီလိုဆိုရင်တော့ စိတ်မကောင်းပါဘူး ။ ဒါပေမဲ့ ခွင့်ပြုပေး/ခွင့်လွှတ်ပေးလိုက်ပါ ။ သူတို့မှာလည်း အသည်းနှလုံးနဲ့ပဲကိုး ။ ဘဝပေးအခြေအနေကြောင့် စိတ်ကြမ်းလူကြမ်းပုံစံကြီးတွေ ဖြစ်နေကြပေမဲ့ သူတို့ရဲ့ပင်ကိုယ်စိတ်က ဖော်ပြရခက်လောက်အောင် နုနယ်နေတော့လည်း…အင်း…ကံတရားလို့ပဲ မှတ်ရမှာပေါ့ ။ ပြောရရင် ၂၁ရာစုမှာ ဒါတွေက ရိုး သွားခဲ့ပါပြီ ။ နောက်ပြီး ပွင့်ပွင့်လင်းလင်းဝန်ခံရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်ကလည်း ယောက်ျားတွေကိုပဲ စိတ်ဝင်စားတာ လေ ။ ကျွန်တော့်မျက်လုံးထဲမှာ မိန်းကလေးတွေနဲ့စာရင် ယောက်ျားလေးတွေက ပိုပြီးထင်ရှားနေတဲ့သဘောပေါ့ဗျာ ။
     ဘယ်လိုပြောရမလဲ ။ ခင်ဗျားတို့လည်း သိတယ် မဟုတ်လား…အချစ်ဆိုတဲ့အရာအကြောင်း ။ ဒီကောင် - က အဓိပ္ပါယ် ဖွင့်ရခက်သလောက် လူတကာရဲ့ရင်ထဲကိုလည်း အတင်းကာရောဝင်မွှေတတ်တယ် ။ ဂရုမစိုက်ဘဲ နေမရလောက်အောင်  စိတ်အာရုံကို ပြုစားတတ်တယ် ။ ကျွန်တော်ကိုယ်တိုင်လည်း မချစ်ချင်ဘဲ ချစ်တတ်ခဲ့တာ ။ ကျွန်တော်ကရော ယောက်ျား တွေကို ချစ်ချင်မယ်ထင်သလား… မချစ်ချင်ပေါင်ဗျာ ။ ဖြစ်နိုင်မယ်ဆို ဘယ်သူ့ဘယ်သူကိုမှ မချစ်ချင်ဘူး ။ “တစ်ဖက်သတ် အချစ်”ပဲဖြစ်ဖြစ် / နှစ်ဦးနှစ်ဖက်အချစ်ပဲဖြစ်ဖြစ် ချစ်ရတဲ့သူအဖို့ ပင်ပန်းတာချည်းပဲ မဟုတ်လား ။ ဒါပေမဲ့ ကျွန်တော် ချစ် တတ်ခဲ့တယ် ။ ချစ်မိသွားတယ် ။
      တက္ကသိုလ်ကျောင်းကို ရောက်စ,က ကျွန်တော် ဒါတွေ စိတ်မဝင်စားတတ်ပါဘူး ။ စာသင်ခန်းနဲ့toiletကလွဲရင် သွား စရာတခြားနေရာ မရှိခဲ့ဘူး ။ စီးကရက်မသောက်တတ် ၊ ဘီယာလည်း မမြည်းတတ်တဲ့ကျွန်တော်က တက္ကသိုလ်ကျောင်း တော်ကြီးရဲ့ တကယ့်ကို လူရိုးကလေးပဲ ။ ခင်ဗျားတို့လည်း ကွန်ပျူတာကျောင်းသားတွေပဲ ။ ကျောင်းကြီးအကြောင်းလည်း သိရဲ့သားနဲ့ ။
     (ကျွန်တော်တို့ ခေတ်တုန်းကပေါ့) စာကြည့်တိုက်မှာ ဖတ်ချင်စရာ ရသစာအုပ်ကောင်းကောင်းလည်း မရှိ ၊ ပြေးလွှားခုန် ပေါက်ဖို့ကျ အားကစားရုံက မဆောက်ရသေးတော့ ကျွန်တော်မှာလည်း ကြာတော့ ငြီးငွေ့လာတယ် ။ စာသင်ခန်းထဲက 0 , 1တွေကြားမှာ ပြေးလွှားရှင်သန်ရင်း ထွက်ပေါက်ရှာတဲ့အနေနဲ့ ကျွန်တော် ဘာလုပ်တယ်ထင်လဲ ?
     သြော်…တစ်ခုတော့ သတိပေးမယ်နော် ။ ဒီဝတ္ထုတိုလေးက ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်းတစ်ပုဒ်အကြောင်းကို အရှိ,အရှိ အတိုင်းရေးထားတာဆိုတော့ ‘တက်ကျမ်း’နဲ့တော့ ဘယ်တူပါ့မလဲနော် ။ အတုမယူသင့်တာတွေလည်း ပါချင်ပါမှာပေါ့လေ ။ ကဲ…ဒါဆို စိတ်ထွက်ပေါက်ပေးတဲ့အနေနဲ့ ကျွန်တော် ဘာလုပ်သလဲဆိုတာ ခင်ဗျားတို့ကို ပြောပြလိုက်တော့မယ် ။
  “ စာသင်ခန်းထဲမှာ ပျင်းရိငြီးငွေ့လာတဲ့အခါ ကျွန်တော်က ကဗျာလေးတွေ ရေးစပ်တယ်ဗျ ။”     


Dangerous

သူ့မျက်နှာ
သွယ်လျ ကျော့ရှင်း
မာနကင်း၏…။

သူ့မျက်နှာ
ဖွေးနု လွင်မင်း
အပြစ်ကင်း၏…။

သူ့မျက်နှာ
ချိုလွင်ညွှတ်ပြောင်း
ဖော့ဖယောင်းလို…။

သို့ပေမဲ့…သူ…
မာယာ ကွန်ယက်
ဖြန့်ကျက်ဆင်လို့
သားကောင်များကို မြူဆွယ်သူ…။

အပြစ်ကင်းသလို
သဏ္ဍာန်လုပ်လို့
အသည်းနှလုံးကို ခွဲတတ်သူ…။

ချိုလွင် ညွှတ်ကွင်း
ထောင်ချောက်ခင်းလို့
ရင်ခုန်သံကို တံခါးခေါက်သူ…။
အန္တရာယ် ရှိသောလူ…။

--------------------------------------------------------------------

Marginal Costing…

ကိုယ် သူ့ကို ချစ်လို့
ကိုယ့်အတွက် အမြတ်မရှိပေမဲ့
ကိုယ် သူ့ကို မုန်းလိုက်ရင်တော့
ကိုယ့်အတွက် အရှုံးပေါ်နိုင်တယ် ။

---------------------------------------------------------------

အချစ်ကင်ဆာ…

နင့်ကို မြင်ခါစ
အကြင်နာဆိုတဲ့
အစိုင်အခဲတစ်လွှ
ရင်ခွင်ကြားမှာ
တွယ်ငြိသွားခဲ့…။

မြင်ပါများတော့
မြတ်နိုးလို့ချစ်ခင်
ငါ့အသည်းအိမ်တွင်
အမြစ်တွယ်ပေါက်ဖွား
သစ်ညောင်ပင်အလား
အချစ်ဆိုတဲ့အရာ
ကြီးထွားလာခဲ့…။

မမြင်တွေ့ချိန်မှာ
နာကျင်အောင့်စူး
အရူးတစ်ပိုင်း
အလွမ်းဝေဒနာ
ဝါးမျိုနှိပ်စက်
ကုသဖို့လည်း ခက်ခဲ့ပြီ…။

-----------------------------------------------------------


      အချစ်နဲ့မတွေ့ခင်မှာတုန်းက အချစ်ကဗျာလေးတွေကို အငှားခံစားချက်နဲ့ ရေးနေခဲ့တာပါ ။ သူများတွေက တချစ်ထဲ ချစ်နေကြတဲ့အချိန်မှာ ကျွန်တော်က အချစ်ဆိုတဲ့အရာကို ဘာမှန်းညာမှန်းတောင် မသိခဲ့သေးပါဘူး ။ သူနဲ့စတင်မဆုံဆည်း ခင်အထိပေါ့ ။ ပြောရရင်လည်း ရှက်စရာ…။ အမျိုးသားတစ်ယောက်ကို စိတ်ဝင်စားစရာလို့ စဉ်းစားခဲ့မိတာ ဒါပထမဆုံးပါ ။ သူ့ကို မြင်မြင်ချင်း ကျွန်တော် သဘောကျသွားခဲ့မိတယ် ။ ဒါဟာ…သဘာဝမဟုတ်ဘူး ၊ မဖြစ်သင့်ဘူးလို့ ခင်ဗျားတို့ ယိုးစွပ် ရင်လည်း ကျွန်တော်ကတော့ ခေါင်းငုံပြီး ဆက်ချစ်နေမိဦးမှာပဲ ။
     သူဟာ အရာရာပြည့်စုံတဲ့သူတစ်ယောက် ။ စတိုင်ရှိတယ်…စမတ်ကျတယ်…တည်ကြည်တယ်…ခန့်ညားတယ်…နောက် ပြီး ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြွတ်ဆတ်ဆတ်နေတတ်တဲ့ပုံစံလေးက ကျွန်တော့်အတွက် စွဲဆောင်မှုအရှိဆုံးပဲ ။ တကယ် တော့…သူ မသိတဲ့တိုက်ဆိုင်မှုလေးတွေက ကျွန်တော့်ကို ရင်ခုန်သွားစေခဲ့တာပါ ။
   “ သူနဲ့မင်းရဲ့ကြားမှာ တိုက်ဆိုင်မှုတွေက ကြောက်စရာကောင်းလောက်အောင် များပြားလာတဲ့အခါ မင်း မသိလိုက်တဲ့
     ခဏလေးအတွင်းမှာ အချစ်ဆိုတဲ့အရာက မင်းရဲ့နှလုံးသားမှာ ကိန်းအောင်းသွားနိုင်တယ် ။
ဆိုတဲ့ဒဿနကို ကျွန်တော့်ရင်ခုန်သံတွေနဲ့ အလဲအထပ်ပြုပြီး သိခွင့်ရခဲ့တယ် ။
    ကျွန်တော် သူ့ကို သဘောကျနေမှန်း သူ မသိပါဘူး ။ သူကတော့ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်ထက်၊ အတန်း ဖော်တစ်ယောက်ထက် ပိုမယ့်ပုံ မပေါ်ဘူး ။ လမ်းမှာတွေ့တဲ့အခါတိုင်း ၊ အကြည့်ချင်းဆုံတဲ့အခါတိုင်း နီမြန်းမြန်းသူ့နှုတ်ခမ်း လေးနှစ်လွှာ တွန့်သွားရုံပြုံးပြတတ်ပေမဲ့ ကိုယ့်ဘာသာကိုယ် အိုးမလုံတဲ့ကျွန်တော်က မသိချင်ယောင်/မမြင်ချင်ယောင်ဟန် ဆောင်သွားတတ်တယ် ။ နံဘေးမှာပါလာတဲ့သူငယ်ချင်းတွေကတောင် သူ့အပေါ် အားတောင့်အားနာဖြစ်ပြီး…
   “ ဟိတ်ကောင်…မင်း ဘာဖြစ်နေတာလဲ ။”
လို့ ကျွန်တော့်ကို မေးယူရတဲ့အထိ ။
       ဘယ်သူတွေက ဘာပဲပြောပြော…ကျွန်တော်ကတော့ သူ့ကို သူငယ်ချင်းအဖြစ် အသိအမှတ်မပြုသလိုလို ၊ မျက်စိစပါး မွေးပဲ စူးနေသလိုလို…အိုဗာအိုက်တင်တွေနဲ့ ဆက်သရုပ်ဆောင်နေခဲ့တာပေါ့ ။ နောက်ပြီး…ကျွန်တော် သိနေတယ်လေ ။ သူက ယောက်ျားလေးတွေကို စိတ်ဝင်စားတတ်တဲ့ပုံစံမျိုးမှ မဟုတ်တာ ။ စာတော်ပြီး စမတ်ကျတဲ့သူ့အနားကို စာလာမေး သလိုပုံစံမျိုးနဲ့ ချည်းကပ်လာတဲ့ဣိတ္ထိယတွေကလည်း ဝိုင်းဝိုင်းလည်နေမှတော့ ကျွန်တော့်လိုကဗျာရူးဟိုမရောက်ဒီမရောက် ကို သူ ဘယ်အရေးစိုက်ပါ့မလဲ ။ နောက်ပြီး…ကျွန်တော် ထင်ပါတယ် ။ သူ သဘောကျတာက ကျွန်တော့်လိုပုံစံမျိုးကို မဟုတ်နိုင်ပါဘူးလေ ။ ရှေ့ဆက်တိုးရင် ကျွန်တော် အရှက်ကွဲရုံပဲ ရှိမှာပေါ့ ။
     သူ့ရှေ့မှာ ကျွန်တော် အိနြေ္ဒမပျက် ဟန်ဆောင်နေနိုင်ခဲ့ပေမဲ့ သူ ကွယ်ရာစာမျက်နှာပေါ်မှာ ကျွန်တော် အကြီးအကျယ် ပေါက်ကွဲခဲ့တယ် ။ ကဗျာတွေကို ကျွန်တော် ‘မဲ’ခဲ့တယ် ။


အသည်းကွဲညည်းချင်း

ငါ့ရင်ထဲက ခံစားချက်တွေကို
ဘယ်လိုစကားလုံးတွေနဲ့များ
ဖော်ပြလို့ရပါ့မလဲ...

အာရုံတွေ မူးနောက်ပြီး
ရူးလောက်အောင်ဖြစ်နေပြီ ။

သြော်...ဒါအချစ်တဲ့လား ?
မဖြစ်နိုင်တဲ့အိပ်မက်တစ်ခုကို
ထပ်တလဲလဲမြင်မက်ခြင်းဟာ
အချစ်မှ မဟုတ်တာ ။

ငါ့နှလုံးသွေးကို
ထုတ်နှုတ်စတေးလို့
တောင်းဆုလေးတစ်ခု
ပြုခဲ့ပါရစေ ။
ဒီလိုတစ်ဖက်သတ်အချစ်မျိုး
ငါ့နောင်ဘဝဆက်တိုင်း
ဘယ်တော့မှ မဖြစ်ပါရစေနဲ့ ။

--------------------------------------------------------------------

ကြယ်စင်အတွက် ကဗျာသွန်းတဲ့လက်

ညဥ့်သန်းခေါင်ယံတိုင်
မှေးစက်ယောင်ယမ်းမရ
ငါ့ကို လူတစ်ယောက်က
ပြုစားလို့ ညှို့ ငင်ယူ
စိတ်အာရုံထဲမှာလည်း
သူ့ပုံရိပ်နဲ့သူ့အငွေ့အသက်တွေချည်း
အထီးကျန်တဲ့ဝေဒနာက
ငါ့အတွက် မခက်ခဲလှပါဘူး ။
အကယ်၍ သူနဲ့သာ မတွေ့ခဲ့ရင်....
အိပ်မက်ပါ...တကယ်တော့ အိပ်မက်
မျက်လုံးဖွင့်လျက် မြင်မက်နေတာပဲဆိုး
ရိုးရိုးလေး...အမှန်က ပုံပြင်တစ်ပုဒ်
အခုတော့...
ဆူးခက်ကို နှလုံးသားနဲ့ ထုပ် ၊
ရုတ်မရတဲ့ ငါ့အချစ်တွေကြောင့်
ရင်ခုန်သံတွေ မရပ်တန့်သရွေ့
ကမ္ဘာဆုံးတိုင် ညတာရှည်တွေထဲ
ငါတစ်ယောက်တည်း မျက်လုံးကြောင်တောင်...

---------------------------------------------------------------------------------

အချစ်ကို ကျောခိုင်းချင်သူ
-------------------------------
ဒီနေ့ဟာ ငါ့အတွက်
နောက်ဆုံးရှင်သန်တဲ့နေ့ရက်ဆိုရင်တောင်မှ
ချစ်တယ်ဆိုတဲ့စကားကို အခါခါ ရေရွတ်နေဦးမှာပဲ ။ ။
အချစ်ဆိုတဲ့အရာက ကမ္ဘာလောကကို လှပစေသတဲ့ ။
အချစ်ဆိုတဲ့အရာက ဓူဝံကြယ်မက တောက်ပနေသတဲ့ ။
အချစ်ဆိုတဲ့အရာက ဘယ်အရာနဲ့မှ နှိုင်းဆမရအောင် ခမ်းနားသတဲ့ ။
ဒါပေမဲ့ ....
ငါနဲ့ အချစ်ဆိုတဲ့အရာက မထိုက်တန်လို့သာ
ငါနဲ့ အချစ်ဆိုတဲ့အရာက ဝေးကွာနေရတာ ။
ဒါကို ကဗျာလို့ ခေါင်းစဉ် မတပ်ပါနဲ့ ။
ဆွံ့အသူတစ်ယောက်ရဲ့ အော်ညည်းသံယဲ့ယဲ့…
တကယ်လို့.....အချစ်ဆိုတဲ့အရာက
ကမ္ဘာမြေအတွက် နှင်းဆီပန်းတစ်ခက်ဖြစ်ခဲ့ရင်တောင်
ငါ ဆုပ်ကိုင်မိတဲ့ဘက်က ဆူးချည်းသက်သက်....။ ။

---------------------------------------------------------------------------------


     ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ကတော့ တတိယနှစ်အရောက်မှာ သူတို့ချစ်တဲ့ကောင်လေးတွေနဲ့ အဆင်ပြေသွားကြ တယ် ။ လုံးဝ ယုံချင်စရာမရှိတဲ့ဖြစ်ရပ် ။ သူတို့လို ဟိုမရောက်ဒီမရောက်တွေကို သဘောကျတဲ့သူတွေလည်း အရှိသားပဲ ဗျာ့ ။ သဘာဝမကျမှန်း သိသိချည်းနဲ့ သူတို့ဘက်က ချည်းကပ်သွားခဲ့တဲ့အခါမှာတော့ အားလုံးအိုကေသွားခဲ့တာပေါ့ ။ အင်း လေ…Supernaturalဆိုတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို လူသားတိုင်း နှစ်သက်စွဲလန်းကုန်ကြပြီ မဟုတ်လား ။
    ကျွန်တော်…ကျွန်တော်သာ…တွန့်ဆုတ်တွေဝေနေတာ ။ ကျွန်တော်သာ ဟန်ဆောင်မျက်နှာဖုံးကို အံကြိတ်ပြီး ဆက်ဖုံး ထားတာ ။ ချစ်တာရယ် ၊ ဆာတာရယ် ၊ ငိုက်တာရယ်တို့ကို ချုပ်ထိန်းဖုံးကွယ်ထားဖို့ မလွယ်ဘူး…တဲ့ ။ ကျွန်တော်အတွက် ကတော့ ပထမတစ်ချက်နဲ့ တော်တော်လေးလွဲချော်နေတယ် ။ ပတ်ဝန်းကျင်ရဲ့မျက်လုံးတွေကိုငဲ့ပြီး ရှေ့ဆက်တိုးဖို့ကို တွန့် ဆုတ်နေခဲ့မိတယ် ။ မဖြစ်သင့်ဘူး…ဒါဟာ မသင့်လျော်ဘူးဆိုတဲ့အတွေးတွေက သူနဲ့ဝေးရာသို့ ကျွန်တော့်ကို တွန်းပို့နေခဲ့ တယ်။ ဒါပေမဲ့…နောက်ဆုံးတော့လည်း ကျွန်တော်ချစ်တဲ့ကဗျာတွေကပဲ ကျွန်တော်တို့နှစ်ယောက်ကို ဆုံဆည်းစေခဲ့တယ် လေ ။

V V V V V V V V V V V V
 

   “ ဘာ…! ဟိတ်ရောင်…မိုးကြီး … မင်း ဘာပြောလိုက်တယ် ။”
   “ သြော်…မင်းရဲ့ကဗျာကို ပိုင်စေ့ဆီ ပို့လိုက်ပါပြီဆိုနေ ။”
   “ မင်း…မင်းကွာ ။ မင်း ရူးနေလား…။ ပိုင်စေက ငါ့ကို ဘယ်လိုထင်သွားမလဲ ။”
   “ ဒီမှာ…ကျော်ဇော…မင်း အတွေးသိပ်မခေါင်နဲ့ ။ ဒီလိုမှ မလုပ်ရင် မင်းနဲ့ပိုင်စေ ဘယ်လိုလုပ်နီးစပ်မှာလဲ ။”
   “ ဒါပေမဲ့…တကယ်လို့…သူက ငါ့ကို မကြိုက်ဘူးဆိုရင်ကော…။ ငါ့လိုအမျိုးအစားကို သဘောမကျနိုင်ဘူးဆိုရင်ကော…။
     ဟန်ဆောင်ပြီး ထိန်းသိမ်းလာခဲ့တဲ့ငါ့သိက္ခာတွေအားလုံး မြောင်းထဲအကုန်ရောက်ကုန်မှာပေါ့ ။”
   “ မင်း…တော်တော်တုံးတဲ့ကောင်ပဲ ကျော် ။ ပိုင်စေ မင်းကို ကြိုက်နေတာ ငါတို့တစ်ခန်းလုံး သတိထားမိတယ် ။ သူက
     လည်း သူ့လိုမျိုးလူကို မင်း- မကြိုက်လောက်ဘူးထင်လို့ မပြောရဲဘဲဖြစ်နေတာ ။ မင်းရဲ့ပုံစံကိုလည်း မင်း ပြန်ကြည့်ဦး ။
     လူကြည့်တော့ဖြင့် ကျားကျားလျားလျားကြီး ။ ရှပ်အင်္ကျီ ဘယ်တော့မှမချွတ်တဲ့ ဗိုလ်ကေနဲ့ကောင် ။ ဒီတော့…သူက
     လည်း မင်း သဘောကျတဲ့ပုံစံက သူ့လိုဖြူဖြူနွဲ့နွဲ့ကောင်လေးတစ်ယောက်ဖြစ်လိမ့်မယ်လို့ ဘယ်မျှော်လင့်ရဲပါ့မလဲ ။”
   “ ဟင်…တကယ်…သူ ငါ့ကို သဘောကျနေတယ်ဆိုတာ တကယ်ပဲလား ။ မဖြစ်နိုင်တာ ။ မဖြစ်နိုင်တာကွာ…”
   “ သြော်…သြ…ဒါဆို လမ်းမှာတွေ့တိုင်း ပြုံးပြတာတွေ ၊ labခန်းထဲမှာ ထိုင်ခုံဦးထားပေးတာတွေက ဘာသဘောလို့
      မင်း ထင်နေလဲ ။”
   “ ဒါ…ဒါ…သူငယ်ချင်းပဲလေ ။ သူငယ်ချင်းမို့လို့…”
   “ တော်ပါတော့ ကျော်ရာ ။ မင်းက မင်းကိုယ်မင်း သိက္ခာတင်ဖို့အတွက် နှလုံးသားကို မုသားသုံးနေတာပဲ ။ ပိုင်စေက
      မင်းတစ်ယောက်တည်းကွက်ပြီး စွတ်ရွတ်ခင်နေတာကိုတော့ မင်း သတိမထားမိဘူးလား ။ သူ့လို ခပ်တည်တည်နေ
      တတ်တဲ့ lonely guyက ဒီလိုအခြေအနေတွေ ပေးနေတာတောင်မှ မင်းက ဈာန်ရနေတဲ့ယောဂီစတိုင်နဲ့နေနေမှတော့
      ဟိုက ဘယ်ဖွင့်ပြောရဲတော့မလဲ ။”
   “ တကယ်…တကယ်ပဲလားကွာ ။ ငါတော့ မင်း လုပ်ကြံပြောနေတယ်လို့တောင် ထင်တာပဲ ။”
   “ ကိုယ့်ကိုယ်ကို အထင်သေးတာတွေ ၊ မာနမြှင့်တာတွေကို ခဏလောက်လျှော့လိုက်စမ်းပါ ကျော်ရာ ။”
မိုးကြီးရဲ့စကားတွေကြားမှာ ကျွန်တော် ငိုင်ကျသွားတာတော့ အမှန်ပါ ။ ဒါပေမဲ့ မယုံရဲသေးဘူး ။ မိုးကြီးက ကျွန်တော့်ကို အတည်ပေါက်နဲ့ နောက်နေတာလား ။ ကျွန်တော် ကြွေနေတဲ့ပိုင်စေဆိုတဲ့ကောင်လေးကလည်း ကျွန်တော့်ကို ပြန်ပိုးနေခဲ့ တာတဲ့ ။ ကျွန်တော် မယုံနိုင်အောင်ဖြစ်နေမိတယ် ။ သူက ကျွန်တော့်လိုပုံစံမျိုးကို သဘောကျတယ်ဆိုပါလား ။
    ကျွန်တော်ကိုယ်တိုင်ကလည်း ညံ့တာပါလေ ။ ကျွန်တော့်ဘာသာကျွန်တော် လုံးလည်ချာလည်လိုက်နေရင်း သူ့အကြင် နာတွေကို မျက်ကွယ်ပြုထားခဲ့မိတယ် ။ မိုးကြီး ပြောပြမှပဲ ဟုတ်သလိုလို ရေးတေးတေးတွေးလာမိရဲ့ ။ ဒါပေမဲ့လည်း…ကျွန် တော် ဘယ်လိုမှ မယုံရဲသေးဘူး ။ သူ့အနားမှာ ဝိုင်းဝိုင်းလည်နေတဲ့ နှုတ်ခမ်းနီမလေးတွေရှိလျက်သားနဲ့ ကျွန်တော့်လို ကောင်မျိုး ၊ ကျွန်တော့်လို “ရှပ်အင်္ကျီ ကပိုကရိုနဲ့ ဆံပင်ပွယောင်းယောင်း”ကောင်ကိုမှ သူက ရွေးချယ်ခဲ့တာတဲ့ ။ တကယ့် ကို မယုံနိုင်စရာ Supernaturalဖြစ်ရပ်…သဘာဝမကျနိုင်တဲ့ဖြစ်ရပ်ဆန်း…။
   “ အိုကွာ…ဘယ်လိုပဲဖြစ်ဖြစ်…ဒီကိစ္စက ရှက်စရာကြီးပါ ။ ငါ့ဘက်က စတယ်ဆိုတာ…အာ…သဘာဝလည်း မကျပါဘူး ။
     နောက်ပြီး…တခြားလူတွေက ငါ့ကို ဘယ်လိုထင်မလဲ ။ ဟင်…အဲဒီတစ်ယောက်က မထင်ရဘူးနော် ။ ပုံစံကြည့်တော့
     ဒေါင်းတိမောင်းတိနဲ့ အခုတော့ ပိုင်စေကို ကြိုက်နေတာတဲ့ ။ လက်စသတ်တော့ ကြိတ်ပုန်းကြီးကိုးဆိုရင် သေရောပဲ
     ကွာ ။”
   “ ဟ…ငါ့အကောင်ရ ! ဘယ်သူမှ အဲဒီလို မတွေးပါဘူးကွ ။ မင်းဘာသာမင်း ဘယ်လောက်ပဲ ကျားကျား…လူတိုင်းက
     မင်း ‘ဘာ’ဆိုတာ သိနေတာပဲဥစ္စာ ဟီးဟီး…”
   “ မသာ…တော်စမ်းကွာ ။ အခု…သူ ဘယ်မှာလဲ ။”
   “ ထုံးစံအတိုင်း သူ ထိုင်နေကျ ကော်ရစ်တာမှာပဲလေ ။ မင်း ဘာလုပ်မလို့လဲ ။”
   “ ငါ…ငါ…ကဗျာမှားပို့လိုက်မိတာဆိုပြီး သွားတောင်းမလို့ ။”
   “ ဟာ…မင်းကလည်း ရောဂါပဲ ။”
   “ ငါ ရှက်တယ်ကွာ ။ လိပ်ပြာမလုံဘူး ။”
   “ မင်း အဲဒီလိုသွားတောင်းမှ ပိုဆိုးမှာ ။ အခုက စာအုပ်ကြားထဲ ညှပ်ပါသွားတာဆိုတော့ ပေးတယ်လို့ထင်ချင်မှထင်ဦး
      မယ် ။ နောက်ပြီး ကဗျာဖြစ်နေတော့ အဓိပ္ပါယ် နားလည်ချင်မှနားလည်မှာပါကွာ ။ မင်း သွားတောင်းမှ ပိုဆိုးကုန်လိမ့်
      မယ် ။”
ကဗျာ ပြန်သွားတောင်းမယ်ဆိုတော့ မိုးကြီးက တားတယ် ။ သူ့စကားကလည်း ဟုတ်တုတ်တုတ်ရယ်…။ ကဗျာဖြစ်နေ တော့ ပိုင်စေက သဘောပေါက်ချင်မှပေါက်လိမ့်မယ် ။ ဒါပေမဲ့လည်း…ဟိုဟိုဒီဒီလျှောက်တွေးရင်း ကျွန်တော်ဟာကျွန်တော် ကျောမလုံဘူးဗျာ ။ ကျွန်တော် ချစ်နေမှန်း ပိုင်စေများ သိသွားပြီလားဆိုတဲ့အတွေးက ကျွန်တော့်ကို နေမထိထိုင်မသာဖြစ် အောင် နှောင့်ယှက်နေတယ် ။ ကိုယ့်ဘာသာကိုယ် အတွေးလွန်နေမိတယ် ။
   “ သိသွားနိုင်တယ်ကွ ။ မသိစရာလားကွာ ။ ‘ပိုင်’ဆိုင်ခွင့်လို့ ခေါင်းစဉ်တပ်မှတော့ အသိသာချည်းကို ။”
   “ ပိုင်ဆိုင်ခွင့်ဆိုတာ မြန်မာစာစကားလုံးလေ ။ ပိုင်စေနဲ့ ဆိုင်ချင်ပါတယ်လို့ ရေးထားတာမှ မဟုတ်တာ ။”
မိုးကြီးက ပွဲပျက်သွားမှာစိုးလို့လား မသိ ၊ ကျွန်တော့်ကို ဇွတ်တားပါသေးတယ် ။ ခက်တာက ဟန်ဆောင်မျက်နှာဖုံး ကွာကျ သွားမှာကို နှလုံးသားကွဲကြေမှာထက် သေမတတ် ပိုကြောက်နေတဲ့ကျွန်တော်…။ မိုးကြီးရဲ့စကားကို နားမထောင်တော့ဘဲ ပိုင်စေ-တစ်ယောက်တည်း ထိုင်နေတတ်တဲ့ကော်ရစ်တာဆီကို ကျွန်တော် အပြေးလာခဲ့တယ် ။ လွယ်အိတ်နီညိုရောင်လေး နဲ့…ရေဘူးအစိမ်းရောင်လေးနဲ့…ပြာလဲ့လဲ့ချာလီထီးလေးနဲ့…ဝါတာတာဖိုင်တွဲလေးနဲ့…ကော်ရစ်တာမှာ ခြေပစ်လက်ပစ်ထိုင် ပြီး ကျွန်တော့်ကဗျာကိုဖတ်ရင်း လှောင်ရယ်နေမလား…။ ဒါမှမဟုတ် ကျေနပ်ပြုံးလေး ပြုံးနေမှာလား ။ လုံးဝနားမလည်တာ လည်း ဖြစ်ချင်ဖြစ်နေနိုင်တာပါပဲလေ ။


ပိုင်ဆိုင်ခွင့်

သူငယ်ချင်း…
အဖြူစင်ဆုံးမေတ္တာတွေနဲ့
နင့်ကို ငါ
ရင်းရင်းနှီးနှီး ချစ်ခဲ့မိတာ
အမှန်တကယ်ပါ ။
ဒါပေမဲ့…
ကံကြမ္မာရဲ့လှည့်စားမှုအောက်
ငါ့အချစ်တွေ အရောင်ပြောင်းသွားခဲ့ ၊
သံယောဇဉ်နဲ့မေတ္တာ
ပေါင်းစပ်သွားတဲ့အခါ
အချစ်ဆိုတဲ့အရာ ဖြစ်တည်လာတတ်မှန်း
ငါ တကယ် ကြိုမသိခဲ့တာမို့
ပိုင်ဆိုင်ခွင့် မပေးလှည့်ရင်တောင်
ကျောခိုင်းမသွားပါနဲ့…သူငယ်ချင်း ။

--------------------------------------------------------------------

    အထင်နဲ့အမြင်က တခြားစီ ။ ကော်ရစ်တာမှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့“ပိုင်စေ”က ဝတ္ထုစာအုပ်တစ်အုပ်ကို အသည်း အသန် ဖတ်နေတာဗျ ။ ကဗျာစာရွက်ကို သူ ဖတ်ရသေးပုံမပေါ်လို့ ကျွန်တော် စိတ်အေးသွားတယ် ။ ဒါပေမဲ့ စိတ်စောပြီး အလောတကြီး လျှောက်လာခဲ့တဲ့ကျွန်တော့်ခြေလှမ်းတွေက လွယ်လွယ်နဲ့ဘရိတ်မအုပ်လိုက်နိုင်ဘူး ။ ကျားရှေ့ မှောက်လဲ ရော…ဆိုပါတော့ဗျာ ။ ကျွန်တော် ဘရိတ်အုပ်လိုက်တဲ့အချိန်မှာ သူ့အနားကို တော်တော်ကပ်သွားပြီ ။ နောက်ပြန်လှည့်မယ် ကြံလိုက်တော့ သူက ကျွန်တော့်ကို မြင်သွားခဲ့ပြီလေ ။
   “ ဟိတ်…စိမ်းလှချည်လား ။ ကိုယ့်ကို နှုတ်တောင်မဆက်တော့ဘူးလား ။”
သူက လှမ်းအော်လိုက်တာပါ ။ သူ့အသံကြားတော့ ကျွန်တော့်ရင်ထဲမှာလည်း ဒိန်းခနဲပဲ ။ လက်ဖျားလေးတွေလည်း အေး စက်သွားခဲ့ရတယ် ။
     သူ့စကားက သူ့ပုံစံနဲ့မှမလိုက်ဖက်အောင် နုရွနေပါလား ။ သူ့ပုံစံက အေးတိအေးစက် ၊ ဆယ်ခွန်းတစ်ခွန်း ၊ ဘုကလန့် စတိုင်လေ ။ နှုတ်ခမ်းလေးယဲ့ရုံ ပြုံးပြနေကျသူက အခုကျတော့ ကျွန်တော့်ကို ရင်းရင်းနှီးနှီးစကားတွေဆိုလို့…။
   “ ဟို…မမြင်…မမြင်လို့ ။”
သူ့ကို တည့်တည့်ကြီး တက်နင်းမိမလိုဖြစ်ပြီးမှ ပြန်လှည့်ထွက်မလိုလုပ်နေတဲ့ ကျွန်တော်ကလည်း ဒီလိုမျိုး အလိမ်အညာ တော်တာဗျ ။ ကျွန်တော့်စကားကြောင့် သူ့ဆီက အဟက်ခနဲရယ်သံတစ်ချက်ထွက်သွားတယ် ။ လှောင်ပြောင်တဲ့သဘော မျိုးမဟုတ်ဘဲ ဟန်မဆောင်နိုင်လို့ ရယ်လိုက်မိတဲ့ပုံစံလေးမို့ ကျွန်တော် စိတ်မဆိုးခဲ့ပါဘူး ။
    နောက်တော့ ကျွန်တော့် မျက်နှာကို ရွှန်းရွှန်းစားစားမော့ကြည့်ပါလေရော ။ ဒီအကြည့်တွေရဲ့ပြုစားမှုအောက်မှာပဲ… ကျွန်တော်လည်း ကြောက်စိတ်လန့်စိတ်တွေ လျှံတက်လာခဲ့ပြီး တုန်သွားလိုက်တဲ့ဒူးတွေဗျာ ။ ခွေကျသွားမှာတောင် စိုးရ တယ် ။ ရင်ခုန်သံတွေကလည်း ဘင်ခရာတီးဝိုင်းလိုပဲ ။ အပြင်ကို လျှံထွက်လာမှာတောင် ကြောက်မိတယ် ။
    အင်း…စစ်ဘုရင်ကြီးနပိုလီယန်တစ်ယောက် အချစ်နဲ့တွေ့တဲ့အခါ ကလေးကလားနိုင်သွားခဲ့တယ်ဆိုတာ အပိုမဟုတ်ဘူး ထင်ပါရဲ့ ။ စိတ်သက်သာမလားဆိုတဲ့အတွေးနဲ့ ယောင်ယမ်းပြီး သူ့မျက်နှာကို လှမ်းကြည့်မိတော့ နှာတံစင်းစင်း ၊ မျက်ခုံးထူ ထူနဲ့ သူက ရှေးပဒေသရာဇ်မင်းသားတစ်ပါးလိုပဲ ။ ခန့်ညားထည်ဝါလွန်းနေတယ် ။ ဒါဟာ ကျွန်တော့်ကို ပိုပြီးအိနြေ္ဒပျက်ပြား သွားစေလို့ မျက်နှာလွှဲလိုက်မိပေမဲ့ အတွေးတွေကတော့ ကျွန်တော့်ဦးနှောက်ထဲ ကပ်ပါလာပြီ ။
- ကျွန်တော် သူ့ကို ဘာကြောင့်များ ချစ်မိသွားပါလိမ့် …
အချစ်က တော်တော်ဆန်းကြယ်တယ်နော် ။ ခင်ဗျားတို့တော့ အချစ်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြသလဲ မသိ ။ ကျွန်တော် ကတော့ အချစ်ဆိုတာကို Love is everything for meလို့ပဲ တွေးမိတယ် ။ တချို့က ရုပ်ချောလို့ ကြိုက်ကြတယ် ။ တချို့ က ဥစ္စာပေါလို့ ချစ်ကြတယ် ။ တချို့က သနားလို့ ၊ တချို့က အထင်ကြီးအားကျလို့…။ ကျွန်တော့်အချစ်ကျ “ဘာကြောင့်” ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ မလွယ်ဘူး ။
   အချစ်မှာလည်း အရောင်စုံတယ်ဗျ ။ တချို့က ပန်းရောင်အချစ်…တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်း ရှေးဘဝရေစက် ကြောင့် စွဲလန်းတွယ်တာသွားမိတာမျိုး ။ တချို့ကျ အပြာရောင်အချစ်…သူငယ်ချင်းသံယောဇဉ်၊ မောင်လိုနှမလိုသံယောဇဉ် ကနေ ၁၅၀၀အချစ်ဆီကို ကူးပြောင်းသွားတာမျိုး ။ တချို့ကျ အနီရောင်အချစ်…တစ်ယောက်ကိုတစ်ယောက်မှ မပိုင်ဆိုင်ရ ရင် အသက်ကိုတောင် စတေးဝံ့တဲ့ ရိုမီယိုနဲ့ဂျူးလိယက်လိုမျိုး ။ တချို့ကျ အမဲရောင်အချစ်…တစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ညစ်ညမ်းတဲ့အတွေးမျိုးနဲ့ စွဲလန်းနေတာမျိုး ၊ တစ်ယောက်ရဲ့ပစ္စည်းဥစ္စာအပေါ် တပ်မက်တဲ့ဆန္ဒနဲ့ ဖက်တွယ်နေတာမျိုး ။
  ကျွန်တော့်အချစ်ကတော့ ပန်းဖြူရောင်အချစ်လို့ ဆိုရမလားပဲ ။ သူ့ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာမှန်ပေမဲ့ သူနဲ့ပတ်သက် ပြီး ဘာကိုမှ ကျွန်တော် မမျှော်မှန်းရဲခဲ့ဘူး ။ သူ့ဆီက အချစ်ဆိုတာဝေးလို့ သံယောဇဉ်မျှင်မျှင်လေးကိုတောင် မတမ်းတရဲခဲ့ ပါဘူး ။ ကိုယ်ကိုယ်ကို ယောက်ျားတစ်ယောက်လို သတ်မှတ်ထားတဲ့ ကျွန်တော့်လို Tom boyတစ်ယောက်အနေနဲ့ “အမျိုး သား”တစ်ဦးကို ချစ်ကြိုက်မိဖို့ဆိုတာ တော်တော်ခဲယဉ်းတဲ့ကိစ္စပါ ။
    ရှေးရေစက်သာမပါလာခဲ့ရင် သူ့ကို ကျွန်တော် ချစ်မိစရာအကြောင်းမရှိဘူး ။ သူ့အပေါ်မှာလည်း အခြားပုရိသတွေအပေါ် ကျွန်တော် ထားရှိတတ်တဲ့စိတ်မျိုးနဲ့ အစ်ကိုတစ်ယောက်လို/ဘော်ဒါတစ်ယောက်လိုပဲ ခင်မင်ခဲ့မိမှာသေချာတယ် ။ ကျွန် တော့်အချစ်က ဖြူစင်လျက်သားနဲ့ နဖူးစာဆိုတဲ့ပန်းရောင်လေး စွန်းသွားခဲ့တာ ။ ဒီပန်းရောင်အစက်အပြောက်လေးကြောင့် ပဲ အခုတော့ သူ့ရှေ့မှာ ကျွန်တော် စိတ်တုန်လှုပ်လန့်ဖျားနေရပြီလေ ။
    သူကတော့ သူ့ဝသီအတိုင်း တည်တည်ငြိမ်ငြိမ်ပါပဲ ။ မတူတာဆိုလို့ ပြုံးခဲတဲ့သူ့မျက်နှာမှာ လှပတဲ့အပြုံးတစ်ပွင့်ကို မိနစ် အတော်ကြာ ဆင်မြန်းထားတာကလွဲလို့ပေါ့ ။
   “ ကျော်…မင်း ရေးတဲ့ကဗျာလေးက အရမ်းကောင်းတာပဲ ။ ကိုယ့်အကြောင်း ရေးထားသလား အောက်မေ့ရတယ် ။”
   “ ဟမ်…”
သူ့ဆီက ထင်မှတ်မထားတဲ့မေးခွန်းဆန်ဆန်စကားကြောင့် ကျွန်တော် မျက်လုံးပြူးသွားရတယ် ။ ပါးစပ်ကလည်း အမည် ဖော်ရခက်တဲ့အာမေဋိတ်သံတချို့ ထွက်ကျသွားတယ် ။ ချက်ချင်းဆိုသလို အိနြေ္ဒပျက်သွားတဲ့ကျွန်တော့်ပါးစပ်က ပလွတ် ရွှတ်တတွေ ပြောထွက်ကုန်ရော ။
   “ ဟာ…မဟုတ်ဘူးနော် ။ ပိုင်စေ … ကျွန်တော့်အပေါ် အထင်မလွဲနဲ့ ။ ကျွန်တော် …ခင်ဗျားကို ရည်ရွယ်ပြီး ရေးထားတာ
     မဟုတ်ဘူး ။ တကယ်…တကယ်…ဘုရားစူး ! ခင်ဗျားနဲ့ မဆိုင်ဘူး ။”
ကျွန်တော်က အရှက်သိက္ခာအတွက် မုသားကို ကျမ်းကျိန်ဆိုမယ့် ခပ်ကြောင်ကြောင်ကောင်စားမျိုးဗျ ။ အခုလည်း ဇွတ် အတင်းငြင်းနေမိတော့ သူက မျက်လုံးလေး ဝိုင်းသွားခဲ့တယ် ။
   “ ဟောဗျာ ။ ကျော်…အထင်လွဲနေပြီ ။ ကိုယ်ဆိုလိုတာက ကျော် ထင်သလိုမဟုတ်ဘူး ။ ကျော့်ကဗျာလေးက ကိုယ့်ခံစား
     ချက်နဲ့ တစ်ထပ်တည်းပဲလို့ပြောချင်တာ ။ ကျော်နဲ့ကိုယ်နဲ့ ရင်ဘတ်ချင်းနီးတယ်လို့ ဆိုလိုချင်တာ ။”
   “ သြော်…”
သူက သူ့မူပိုင်စတိုင် ခပ်တည်တည်ပုံစံနဲ့ အေးအေးဆေးဆေးရှင်းပြတယ် ။ ဒီတော့မှပဲ ပြူးပြဲလန့်ထိတ်နေတဲ့ကျွန်တော် လည်း နည်းနည်းအိနြေ္ဒရသွားတယ် ။ သူက ကျွန်တော့်စိတ်ကို ထွင်းဖောက်မြင်နေတဲ့ဆဋ္ဌမအာရုံရှင်လိုပဲ ။ ကျွန်တော် စိတ် တွေ လှုပ်ရှားနေမှန်းသိတော့ မိနစ်အတော်ကြာနှုတ်ဆိတ်နေခဲ့တယ် ။ ရွှန်းရွှန်းစားစားနဲ့တလက်လက်ထနေတဲ့သူ့အကြည့် တွေကိုလည်း ကျွန်တော့်မျက်နှာကနေ ဖယ်ခွာသွားခဲ့တယ် ။ အဲဒီအခါမှပဲ ကျွန်တော်လည်း စိတ်တွေကို စုစည်းလိုက်ရင်း သမ္မာဓိထူထောင်နေရတယ် ။
   “ စိန်ပန်းပင်ကြီးက လှလိုက်တာဗျာ ။”
သူက စကားလမ်းကြောင်း ပြောင်းသွားတယ် ။
    သူ့စကားကြောင့် ကျွန်တော့်အကြည့်တွေက စိန်ပန်းပင်ကြီးဆီ ရောက်သွားမိရဲ့ ။ ဟုတ်ပါ့…လှချက်ဗျာ ။ ပန်းပွင့်နီတာရဲ လေးတွေ ပင်လုံးကျွတ်ပွင့်ဝေနေတဲ့ ဒီစိန်ပန်းပင်ကြီးက ဒီအချိန်မှာတော့ ကျွန်တော်တို့ကျောင်းရဲ့celebrityပဲ ။ ကျောင်းသူ ကျောင်းသား-တော်တော်များများက သူနဲ့အတူ ဓါတ်ပုံတွဲရိုက်ကြတယ် ။
   “ ပန်းပွင့်နီနီတွေ ကြွေလွင့်သွားချိန်ကျတော့ အဲဒီသစ်ပင်ကြီးရဲ့ဘဝက ဘာမှမဟုတ်တော့ပြန်ဘူးနော် ။”
ပိုင်စေက စကားကို လေးလေးနက်နက်ဆိုလိုက်တယ် ။ သူ့စကားက ကဗျာဝါသနာရှင်လေးကျွန်တော့်ကို ညှို့ခေါ်ဆွဲယူ လိုက်သလိုပဲ ။ သူ့စကားကြောင့် သူ့မျက်နှာကို ကျွန်တော် ငေးကြည့်နေမိတယ် ။ မျက်ခုံးထူထူတန်းတန်းလေးက မဖြူလွန်း မညိုလွန်းတဲ့ သူ့အသားအရည်လေးနဲ့ သိပ်လိုက်ဖက်တာပဲ ။
   “ လူတစ်ယောက်အတွက် အချစ်ဆိုတာကလည်း အဲဒီစိန်ပန်းပင်မှာရှိတဲ့ ပွင့်ဖတ်နီလေးတွေလိုပဲ ။ ပွင့်ဖတ်တွေ ကြွေလွင့်
     သွားတဲ့အခါ စိန်ပန်းပင်ကြီး မလှနိုင်တော့သလို အချစ်တွေ ပျောက်ကွယ်သွားတဲ့အချိန်ကျ… အဲဒီလူရဲ့ဘဝ မသာယာ
     မလှပတော့ဘူး ။ အဲဒါကို ကျော် လက်ခံလား… ။”
သူက ဒီစကားကို တစ်ယောက်ယောက်အပေါ် ရည်ညွှန်းရွတ်ဆိုလိုက်မှန်း ကျွန်တော် ရိပ်မိပါတယ် ။ စိန်ပန်းပင်ကို ငေး ကြည့်နေတဲ့သူ့အကြည့်တွေက ကျွန်တော့်မျက်နှာဆီကို ရွေ့လာတယ် ။ ဒါပေမဲ့ ကဗျာဆန်တဲ့သူ့စကားလုံးလေးတွေရဲ့ ဆွဲဆောင်မှုကြောင့် ကျွန်တော့်အကြည့်တွေကလည်း သူ့မျက်နှာမှာပါပဲ ။ အဲဒီအချိန်မှာ ကျွန်တော် တွေးနေမိတာက ရှက် စိတ်၊ ကြောက်စိတ်တွေ မဟုတ်တော့ဘူး ။ ဘယ်သူတွေ ဘာများတွေးမလဲ၊ သူ ငါ့အပေါ် ဘယ်လိုမြင်မလဲဆိုတဲ့ လူ့ဘောင် စည်းမျဉ်းတွေထဲကဂန္ထဝင်သိက္ခာတရားတွေ မဟုတ်တော့ဘူး ။ ကျွန်တော် တွေးနေမိတာက သူ့နှုတ်ဖျားက ဘယ်လိုစကား
လုံးဆန်းဆန်းတွေ ထွက်ကျလာမလဲဆိုတာပါ ။
   “ ကျော်…ကိုယ် အတည်ပြောတာပါ ။ ကိုယ် မေ့လို့မရဘူး ။ ဘယ်တော့မှလည်း မေ့မှာမဟုတ်ဘူး ။ လွန်ခဲ့တဲ့သုံးနှစ်က
     အတန်းထဲကို အိနြေ္ဒရရဝင်လာခဲ့တဲ့ ဆံပင်ရှည်ရှည်နဲ့ မဟာဆန်တဲ့-မန္တလေးသူလေးကို ။ နောက်ပြီး…မနှစ်က အခန်း
     ထဲမှာ အိပ်ငိုက်လို့ တီချယ်-ဆူတာခံရတဲ့ ဂျစ်ကန်ကန်ကောင်မလေးကို…။ အဲဒီနှစ်ယောက်လုံးကို ကိုယ် မြတ်မြတ်နိုးနိုး
     ချစ်နေမိတာပါ ။ အဲဒီနှစ်ယောက်က အချိန်ကာလတစ်ခုအတွင်းမှာ ပုံစံနှစ်မျိုးကွဲထွက်သွားခဲ့တာကလွဲရင် အမှန်တော့
     တစ်ယောက်တည်းပဲလေ ။ ဘယ်လိုပဲဖြစ်ပါစေ … ကိုယ် ချစ်တယ် … ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် ချစ်တာက အဲဒီ
     ကောင်မလေးရဲ့အပေါ်ယံအပြင်အဆင်တွေကိုမှ မဟုတ်တာ ။ ကိုယ့်အယူအဆကတော့ ……
     အချစ်စစ်ဆိုတာ ကွန်ပျူတာလိုပဲ ။ ကျော်…နားရှုပ်သွားပြီဟုတ် ။ ဟုတ်တယ် ။ အချစ်စစ်ဆိုတာ destop computer
     လိုပဲ ။ လူတွေက ခေါ်ကြတယ် ။ ကွန်ပျူတာ…ကွန်ပျူတာတဲ့ ။ ကဲ…ဘယ်အရာကိုများ ကွန်ပျူတာလို့ ခေါ်တာလဲ ။
     screenမျက်နှာပြင်ကြီးကိုလားဆိုတော့လည်း မဟုတ်ဘူးလေ…။ အဲဒါက monitor ။ ဒါဆို တဒေါက်ဒေါက်ရိုက်လို့ရတဲ့
     ခလုတ်တွေ ။ No…အဲဒါက Keyboard ။ ဒါဆို အဓိကအကျဆုံး ဘေးကလေးထောင့်တုံးကြီး ။ အဲဒါက CPU(mother
     board)မဟုတ်လား ။ ဒါဆို ကွန်ပျူတာက ဘယ်မှာလဲ ။ ကွန်ပျူတာဆိုတာ ဒါတွေအားလုံးပေါင်းစပ်လိုက်တဲ့အခါမှာ
     ပေါ်ထွက်လာတဲ့-စကားလုံးလေးတစ်လုံးမှန်း ကျော်လည်း အသိသားပဲ ။
     - လူတစ်ယောက်ကိုချစ်မိတဲ့အခါလည်း ဒီလိုပဲလေ ။ ရုပ်ကလေး လှလို့ ၊ အသားလေးဖြူလို့ ၊ အရပ်မြင့်လို့ ၊ အပြော
     ကောင်းလို့ဆိုပြီး ရွေးချယ်နေသရွေ့ အဲဒါကို အချစ်စစ်လို့ ကိုယ် မသတ်မှတ်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် ရွေးချယ်
     ထားမိတဲ့အရာ ချို့ယွင်းသွားတဲ့အခါကျရင် အဲဒီအချစ်မျိုးဟာ ပျောက်ကွယ်သွားနိုင်တယ်လေ ။ ကိုယ်ကတော့ ကိုယ်ချစ်
     တဲ့သူအပေါ်မှာ ဘာကိုမှမတပ်မက်ဘဲ အဲဒီလူကို “အဲဒီလူ”အဖြစ်ပဲ ချစ်ချင်တယ် …“အဲဒီလူ”နဲ့ပတ်သက်တဲ့ အသေးအဖွဲ
     ကိစ္စလေးတွေကအစ ကိုယ် တန်ဖိုးထားပြီး ဂရုစိုက်နေချင်တယ် ။ ဒါကို မင်း ခေါ်ခွင့်ပြုမှာလား ကျော် ။
     -  အရင်တုန်းကလို ဆံရှည်မလေး,မဟုတ်လည်း ၊ အရင်တုန်းကလို မိန်းမ,မဆန်တော့ဘဲ ဂျစ်ကန်ကန်ဖြစ်နေလည်း ၊
     မန္တလေးသူလေး-ရတီကျော်ဇောပဲဖြစ်ဖြစ် ၊ ဂျစ်ကန်ကန်ကောင်မလေး‘ကျော်’ပဲဖြစ်ဖြစ် ၊ Tom boyလေး“ကျော်ဇော”
     ပဲဖြစ်ဖြစ် ကိုယ်ကတော့ မြတ်မြတ်နိုးနိုးဆက်ချစ်သွားမယ်ဆိုတာကို ယုံကြည်ပေးပါ ။ နောက်ပြီး…ကိုယ် ကျော့်ကို ချစ်
     နေတာကြာပါပြီ ။ အဲဒါကို ကိုယ်တို့တစ်ခန်းလုံး သိပေမဲ့ ကျော်ကတော့ မရိပ်မိခဲ့ဘူးဟုတ်…?? ”

သူက သူ့စကားကို အပြုံးလေးနဲ့ အဆုံးသတ်လိုက်တယ် ။
    ကျွန်တော် မျှော်လင့်ထားသလောက် ကဗျာမဆန်လှပေမဲ့ ရိုးရှင်းတဲ့ဒီစကားလုံးလေးတွေက ကျွန်တော်ကို ပြုံးရယ်သွား စေခဲ့ပါတယ် ။ ကျွန်တော်တို့နှစ်ယောက် မိနစ်အတော်ကြာတဲ့အထိ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေမိတုန်းပဲ ။ ကျွန်တော့စိတ်ထဲမှာ သူ့မျက်ဝန်းညိုညိုတွေက စိန်ပန်းနီနီတွေထက်တောင် ပိုလှပနေသလိုပဲဗျာ ။

 (ချစ်တတ်သူတိုင်းအတွက်…)

                                                                                                             
                                                                         စေတနာရှေ့ထားလျက်… 
                                                                                                                     
                                                                              ဂါဦးနွန်းကို
                                                                                                          
                                                                ( မိနွန်းကို - ကွန်ပျူတာတက္ကသိုလ် )



www.facebook.com/writer.GONK သို့ လာလည်ရန် ဖိတ်ခေါ်ပါသည်

- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။