Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၁၁) ပန်းပျိုးလက်တွေ မေတ္တာဝေမှ




ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၁၁)
ပန်းပျိုးလက်တွေ မေတ္တာဝေမှ

( ၂၀၁၆ ဇူလိုင်လ(၂၈)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ဖော်ပြခံရသော ဆောင်းပါးဖြစ်သည်  )


ဂါဦးနွန်းကို ............ သုံးသပ်ရေးသားသည် ။


----------------------------------------------------------------------------------------------------------------


စံတော်ချိန်သတင်းစာမှာ နိုင်ငံတကာရုပ်ရှင်(၁)-ရွေးကောက်ပွဲဝင်တဲ့တစ္ဆေကနေ စတင်ရေးဖြစ်ခဲ့တဲ့ နိုင်ငံတကာရုပ်ရှင် အကြောင်းတွေ တဖြည်းဖြည်း များမှန်းမသိ…များလာခဲ့ပါပေါ့ ။ ကျွန်မ သဘောကျမိတဲ့ရုပ်ရှင်ကားတွေထဲက အများအတွက် အကျိုး ရှိမယ်လို့ ယူဆမိတာတွေကို တင်ပြဖြစ်ခဲ့တာပါ ။ ဒီနောက်ပိုင်းမှာ မိတ်ဆွေတွေကလည်း ဘယ်ဇာတ်ကားကဖြင့် ပညာရကြောင်း အကြံပြု-ကြည့်ခိုင်းမှုတွေလည်း ရှိခဲ့ပါတယ် ။ အဲဒီအထဲကမှ အခု ပြောပြမယ့်ရုပ်ရှင်ကတော့ ကျွန်မအဖို့ အထူးဆန်းဆုံးလို့တောင် ဆိုလိုက်ချင်ပါရဲ့ ။
ဘာကြောင့်လဲဆို အရင်ကြည့်ဖူးခဲ့သမျှရုပ်ရှင်ကားတွေနဲ့ လုံးဝဥဿုံကွဲပြားနေလို့ပါ ။ ဒီဂျပန်ဇာတ်ကားလေး သိပ်ကောင်း တာပဲ - ဆိုတဲ့ တိုက်တွန်းချက်တွေအရ ကြည့်ဖြစ်ခဲ့ပေမဲ့ ဇာတ်လမ်းစစချင်း သိပ်သဘောမကျချင်ဘူး ။ ဘယ့်နှယ့်…မိခင်ဖြစ်သူက သမီးအပေါ် အလိုလိုက်နေပုံများ အရွယ်မတိုင်ခင် နိုက်ကလပ် တက်တဲ့အထိ ။ ဘယ်လိုဇာတ်လမ်းပါလိမ့် … ဆိုတဲ့အတွေးနဲ့ ဆက်ကြည့်ရင်း … ဆက်ကြည့်ရင်း … ထင်မှတ်မထားတဲ့ဇာတ်လမ်းအသွားအလာတွေကြောင့် ပညာရေးမှာ ကွဲပြားတဲ့အမြင်တစ်မျိုး ကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်မိတဲ့အတွက် မိဘ ၊ ဆရာနဲ့ ကျောင်းသားလူငယ်တွေ ကြည့်ရှုအတုယူနိုင်စေဖို့ တင်ပြလိုက်ပါရစေ ။ ရုပ်ရှင်ကားနာမည်ကတော့ ‘Biri Gyaru’ (flying Colors)ဖြစ်ပါတယ် ။

@@@

     “ ကိုယ်သက်သာရာရဖို့အတွက် သူငယ်ချင်းတွေ မကောင်းကြောင်း ဖော်ကောင်လုပ်ခိုင်းတာက ကျောင်းအနေနဲ့ဖြစ်သင့်ပါ
        သလား ။ တကယ်လို့ ဒီလိုလုပ်သင့်တယ်လို့ ယူဆရင်တော့ ကျွန်မသမီးကို ထုတ်ပစ်လိုက်လည်းဖြစ်ပါတယ် ။ ဖော်ကောင်
        မလုပ်တတ်တဲ့သမီးကို ကျွန်မကတော့ ချီးကျူးတယ် ။”
ဒီရုပ်ရှင်မှာ အဓိကဇာတ်ဆောင်ကတော့ တက္ကသိုလ်ဝင်တန်း တက်ရောက်နေတဲ့ ဖလန်း-ဖလန်းကျောင်းသူလေး ‘ဆယက’ပါ ။ သူမက ဘာကိုမှ မတွေးတောဘဲ  သူငယ်ချင်းတွေနဲ့ ပျော်ဖို့လောက်ပဲ စဉ်းစားတတ်ခဲ့သူ ။ တစ်နေ့…စီးကရက်ဘူး ယူလာတာကို ဆရာ မိသွားတဲ့အတွက် ကျောင်းခဏနားလိုက်ရပါတယ် ။
ဒီအထိကတော့ ‘ဆယက’ရဲ့မိခင်ကို ကြည့်ရှုသူတွေ နားလည်ပေးနိုင်ဖို့ လွယ်ကူမယ်မထင်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ ကျောင်းဆရာတွေက ကျောင်းသူလေး‘ဆယက’ဟာ ပေတေလေလွင့်နေတဲ့ ဆန်ကုန်မြေလေးဖြစ်ကြောင်း ဘယ်လောက်တိုင်တော တိုင်တော မိခင်ဖြစ်သူက သမီးဘက်မှာပဲ ရပ်တည်ပေးတာကို အံ့သြဖွယ်တွေ့မြင်ရမှာပါ ။
- သားသမီးကို စိတ်ချမ်းသာအောင် ထားရမယ် ၊ ယုံကြည်ရမယ် ၊ သားသမီးအပေါ် မိဘက မယုံကြည်ရင် ဘယ်သူက ယုံကြည်
  မလဲ ၊ သူ့ကိုယ်သူလည်း ယုံကြည်မှာ မဟုတ်တော့ဘူး …
အစရှိတဲ့ သူမရဲ့အယူအဆတွေကလည်း ဒီဇာတ်ကားကို ကြည့်ရှုနေခိုက်မှာ ပရိသတ်အတွက် ရှေ့ဆက်စဉ်းစားစရာဖြစ်စေမယ့် အချက်တွေလို့ ထင်ပါတယ် ။
ဇာတ်လမ်းကိုဆက်ရရင် ‘ဆယက’ ကျောင်းနားနေတုန်းမှာ စာညံ့သူတွေကို သင်ကြားနည်းမျိုးစုံနဲ့ တတ်မြောက်အောင် သင်ကြားပေးနေတဲ့ သင်တန်းကျောင်းကို ရောက်သွားခဲ့ပါတယ် ။ သင်တန်းဆရာ(ဆုဘိုတ)က အကောင်းမြင်ဝါဒသမားလို့ ဆိုရပါ လိမ့်မယ် ။ သူက ကျောင်းသားတွေနဲ့ ရင်းနှီးအောင်ကြိုးစားပြီး ပညာရေးအပေါ် စိတ်ဝင်စားလာအောင် ဆွဲဆောင်သင်ကြားပေးတဲ့ ဆရာမျိုးပါ ။ သူရဲ့သင်ကြားနည်းတွေက အတုယူချင်စရာပါပဲ ။ ဥပမာ - သမိုင်းကို အလွတ်မကျက်ခိုင်းဘဲ သက်ဆိုင်တဲ့ရုပ်ပြစာအုပ် တွေကို မှတ်မိတဲ့အထိ ဖတ်ခိုင်းတာမျိုးပေါ့ ။ ဒီလိုလုပ်ခြင်းအားဖြင့် စာအုပ်စာပေအပေါ် ချစ်မြတ်နိုးစေပြီး ပြင်ပဗဟုသုတကိုပါ ရှာမှီး ချင်စိတ် ပေါ်လာစေမယ် ၊ စာအုပ်တွေနဲ့ ရင်းနှီးစေမယ်လို့ သုံးသပ်မိပါတယ် ။
ဆရာ(ဆုဘိုတ)ရဲ့အထက်တန်းကျောင်းသားဘဝကလည်း ဒီသင်တန်းသားတွေနဲ့ ထူးမခြားနားပဲလေ ။ ကျောင်းစာကို နားမလည်တဲ့အတွက် ကျောင်းနေမပျော် ၊ ကျောင်းမှာ မပျော်လို့ ကျောင်းပြေးတဲ့အခါ ဆရာတွေက သူ့အပေါ် အဆိုးမြင် ။ ဒီလိုမျိုး လုံးချာလည်ရင်း စိတ်ညစ်ခဲ့ရတာကြောင့် အသက်ရလာချိန်ကျ သင်တန်းဆရာဘဝနဲ့ သူ့လိုကျောင်းသားတွေကို ပုံစံတစ်မျိုးထွင်ပြီး သင်ကြားပေးချင်ခဲ့တယ် ။ အခြားသူတွေရဲ့အနာဂတ်အတွက် အစွမ်းကုန်ကြိုးစားပေးချင်တဲ့စိတ်နဲ့ ဘဏ်ကနေတောင် ပိုက်ဆံချေး ပြီး ဒီသင်တန်းကို ဖွင့်ဖြစ်ခဲ့တာပါ ။ အနွံတာခံပြီး ချော့မော့သင်ကြားပေးတဲ့-ဆရာဖြစ်သူအပေါ်မှာ ကျောင်းသားတွေ ခင်တွယ်လာ တာလည်း မဆန်းပါဘူး ။ ဆရာကို ခင်မင်တွယ်တာလာတဲ့အခါ ကျောင်းသားတွေက စာကြိုးစားလာကြပါတယ် ။
 ‘ဆယက’လေး ကျောင်းပြန်တက်ခွင့်ရချိန်မှာတော့ အသံကောင်းဟစ်နိုင်နေပါပြီ ။ (ဂျပန်နိုင်ငံရဲ့အထင်ကရတက္ကသိုလ် တစ်ခုဖြစ်တဲ့) ကဲအိုတက္ကသိုလ်ဝင်ခွင့်ရအောင် ကြိုးစားမှာဖြစ်ကြောင်း သူမအပေါ် နှိမ့်ချဆက်ဆံလေ့ရှိတဲ့ဆရာကို တုံ့ပြန်ပြောဆိုခဲ့ တယ် ။ အမှန်ဆို ကျောင်းသူလေးရဲ့ကြိုးစားချင်လာတဲ့စိတ်ကို ဆရာတစ်ယောက်အနေနဲ့ အသိအမှတ်ပြုလို့ ဝမ်းသာသင့်တာပေါ့ ။ ဒါပေမဲ့ အဲဒီဆရာကတော့ သင်တန်းဆရာ(ဆုဘိုတ)ဆီ သွားပြီး ‘ဆယက’ဟာ ကဲအိုတက္ကသိုလ်ကို ဘယ်နည်းနဲ့မှ ဝင်နိုင်မှာမဟုတ် ကြောင်း ရာခိုင်နှုန်းတွက်ချက်မှုမှတ်တမ်းတွေကို ကိုးကားလို့ နှိမ့်ချပြောဆိုခဲ့တယ် ။
     “ ‘ဆယက’က ဆန်ကုန်မြေလေး မဟုတ်ပါဘူး ။ သေချာပျိုးထောင်ပေးမယ်ဆိုရင် အလားအလာ အများကြီးရှိတဲ့ ကလေးပါ ။
        ဒါ့ကြောင့် ရပ်တန်းက ရပ်ပေးပါ ။ ဆန်ကုန်မြေလေးလို့ အခေါ်ခံရတဲ့ကလေးဟာ သိမ်ငယ်သွားပါလိမ့်မယ် ။ ကိုယ့်အစွမ်းအစ
        ကိုယ် အယုံအကြည်မရှိ ဖြစ်သွားပါလိမ့်မယ် ။ ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတာပါ ။ ဒါ့ကြောင့် ကျွန်တော်က တစ်ယောက်ပဲ
        ဖြစ်ဖြစ် အဲဒီလိုကလေးတွေကို ဆွဲခေါ်ပေးချင်ပါတယ် ။”
တိုက်တိုက်ဆိုင်ဆိုင် ဆရာနှစ်ယောက် အချေအတင်ပြောဆိုနေသမျှကို ‘ဆယက’လေး ကြားသွားခဲ့တာကြောင့် ကဲအိုတက္ကသိုလ် ဝင်ခွင့်ရအောင် ပိုလို့ကြိုးစားဖြစ်ခဲ့ပါတယ် ။
            ငယ်ဘဝတလျှောက်လုံး သူငယ်ချင်းတွေနဲ့ ပျော်ပါးပေါ့ပါးစွာနေထိုင်လာတဲ့ ‘ဆယက’ခမျာ ရုတ်တရက်ကြီး ထောင်တက် သွားအောင် ကြိုးပမ်းရတာဟာ လွယ်ကူတဲ့ကိစ္စတော့ ဘယ်ဟုတ်ပါ့မလဲ ။ ကြိုးစားနေရင်းမှာပဲ ဖြစ်မလာတော့ပါဘူး-ဆိုတဲ့အတွေး တွေ ၊ လက်လျှော့လိုက်ပါတော့မယ်-ဆိုတဲ့အတွေးတွေ ဝင်လာမှာ သေချာတာပေါ့ ။ ဒီအခါမှာ ဆရာဖြစ်သူက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင် မင်းရဲ့အစွမ်းအစကို ငါတို့ ယုံကြည်နေပါတယ်-ဆိုတဲ့စကားမျိုးတွေနဲ့ အားပေးသွားတဲ့ဇာတ်ကွက်တွေက ကြည့်ရှုသူပရိသတ်ကိုတောင် ခွန်အားတွေ ပြည့်ဝင်လာစေတဲ့အထိပါပဲ ။ ဒါ့ကြောင့်လည်း ကျောင်းသားနဲ့ဆရာတွေကို ကြည့်စေချင် တာပါ ။ တစ်စုံတစ်ရာ စိတ်ခွန်အားဖြစ်စေမယ်လို့ ယုံကြည်မိပါတယ် ။
            အဓိကတွေ့မြင်ရမှာကတော့ ဆရာတစ်ယောက်ရဲ့ စိတ်ရှည်သည်းခံနိုင်မှုနဲ့ မေတ္တာတရားကို အတုယူဖွယ် တင်ပြထားပုံ ပါ ။ ဥပမာ ‘ဆယက’လေး စာတွေကျက်ရင်း…စိတ်ပျက်ကြောက်ရွံ့လာချိန်မှာ ဆရာဆုဘိုတက ကြက်ဥတစ်လုံးကို ထိုင်ခုံပေါ်မှာ ထောင်မတ်ပြပြီး …
     “ ဒါကို မင်းက မသိတဲ့အတွက် လုံးနေတယ်ဆိုတဲ့တစ်ချက်နဲ့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ် ။ ကြက်ဥလေး(ကလာရာ)ဟာလည်း
        ယုံကြည်ပြီး ကြိုးစားထောင်မတ်ပေးမယ့်သူ မရှိခဲ့ရင် ဒီလိုမတ်မတ်ရပ်နိုင်မှာမဟုတ်ဘူး ။ ဒါ့ကြောင့် ဖြစ်နိုင်ချေအလားအလာ
        ကို သိထားဖို့ အရေးကြီးတယ် ။” –
မဖြစ်နိုင်တဲ့ကိစ္စကို ဖြစ်နိုင်ကြောင်း သက်သေပြလို့ ကြိုးစားချင်စိတ် ပြန်ဝင်လာအောင် အားပေးတာမျိုး … ။
            အထက်မှာ ပြောပြခဲ့တဲ့အတိုင်း ‘ဆယက’လေးဟာ ငယ်စဉ်ကတည်းက ဘာလုပ်လုပ် ပိတ်ပင်တားမြစ်ခြင်း မခံခဲ့ရပါဘူး ။ မိခင်ဖြစ်သူက အကျိုးသင့်အကြောင်းသင့်မျှပဲ ပြောပြီး သူ ဘာလုပ်လုပ် ခွင့်လွှတ်ထားခဲ့သူပါ ။ အဲဒါကြောင့်လည်း အထက်တန်း ကျောင်းသူဘဝမှာပဲ ဖလန်း-ဖလန်းဖြစ်အောင် ဝတ်ဆင်တတ်ခဲ့သူ ။ အပေါင်းအသင်းမင်ပြီး ပျော်ဖို့ပါးဖို့ပဲ နားလည်ခဲ့သူ ။ ဒါပေမဲ့ သင်တန်းကြေးတွေ အများကြီးပေးပြီး သူ ပျော်ရွှင်ဖို့အတွက် မိခင်ဖြစ်သူက အနစ်နာခံဖြည့်ဆည်းပေးနေကြောင်း သိရှိလာတဲ့အခါ အမှန်တကယ် စာကြိုးစားချင်လာတယ် ။ နောက်တော့…ဘယ်သူကမှ တားမြစ်စရာမလိုဘဲ သူ့အသိစိတ်နဲ့သူ သင့်တော်တဲ့ ဘဝ နေထိုင်မှုပုံစံကိုပါ ပြုပြင်လာခဲ့တယ် ။
            အစွမ်းကုန်ကြိုးစားနေတဲ့ကြားကပဲ စာမေးပွဲတွေမှာ ရလဒ်ညံ့နေသေးတာကြောင့် ‘ဆယက’လေးဟာ စိတ်ဓာတ်တွေ အကြီးအကျယ်ကျခဲ့ရပြီ် ။ စိတ်ညစ်လွန်းလို့ သင်တန်းဆရာနဲ့တောင် စကားတွေများတဲ့အထိ ။ ငိုယိုလို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေ တဲ့‘ဆယက’ကို မိခင်ဖြစ်သူ ပြောခဲ့တဲ့စကားက မလုပ်နိုင်တော့ရင် ဆက်မလုပ်လည်း ရပါတယ်-တဲ့ ။ ဒီအခန်းကလည်း ပရိသတ်ရဲ့ စိတ်ကို ထူးထူးခြားခြားခံစားမိစေမှာပါ ။ သားသမီးဖြစ်သူအပေါ် အတ္တ/လောဘတွေမပါဘဲ ပေးဆပ်မှုနဲ့ချစ်နေတဲ့ မိခင်တစ်ယောက် ရဲ့မေတ္တာတရားကို စကားလုံးလှလှတွေနဲ့ပုံဖော်ပြသသွားပုံက ရိုးရိုးလေးနဲ့ ဆန်းနေစေပါတယ် ။
‘ဆယက’လေးက ဖခင်ဖြစ်သူရဲ့လျစ်လျူရှုမှုတွေကြောင့် နာကျည်းနေခဲ့တာပါ ။ ဒါပေမဲ့ ဆီးနှင်းတွေဝေတဲ့ စာမေးပွဲနေ့ လေးက သူတို့သားအဖနှစ်ယောက်ကို နားလည်မှုရစေခဲ့ပါတယ် ။ အတ္တကြီးပြီး ခွဲခြားဆက်ဆံတတ်တယ်-အထင်နဲ့ ဖခင်အပေါ် မုန်းတီးနေခဲ့ပေမဲ့ စာမေးပွဲဖြေရမယ့်နေ့…‘ဆယက’ကို ကားနဲ့ လိုက်ပို့ချိန်…လမ်းမှာ ကားဘီးကျွံလို့ ဒုက္ခရောက်နေတဲ့-အဘိုးအို လင်မယားကို ဖခင်ဖြစ်သူက ဆင်းကူညီပါတယ် ။ ဒီမှာပဲ ‘ဆယက’ဟာ ဖခင်ရဲ့စိတ်ရင်းဖြူစင်မှု ၊ ကူညီတတ်မှုကို သိမြင်သွားလို့ ချစ်ချစ်ခင်ခင်နေထိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် သူတို့သားအဖနှစ်ယောက် ပြန်လည်သင့်မြတ်သွားခဲ့ပါရော ။
     “ ကျွန်မ လူကြီးတွေကို မုန်းနေခဲ့ပါတယ် ။ အပြင်ပန်းကြည့်ပြီး ညံ့တယ်လို့ဆုံးဖြတ်ကြတဲ့လူကြီးတွေကို မကျေနပ်ခဲ့ပါဘူး ။
        ဒါပေမဲ့ ကိုယ်တိုင်ကလည်း ဘာမှမဟုတ်ဘူး ။ ဒါကိုလည်း ကိုယ်အသိဆုံးပါပဲ ။ ရည်မှန်းချက်မရှိရင် ဘယ်သူမှလည်း
        လေးစားကြမှာမဟုတ်ဘူး ။ သူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့အချိန်လေးပဲ ပျော်ခဲ့မိတယ် ။ အနာဂတ်အတွက်လည်း
        မမျှော်လင့်ခဲ့ဘူး ။ ဘာမဆို ကန့်လန့်တိုက်ဖို့ပဲ ။ သက်သက်သာသာပဲ နေခဲ့မိပါတယ် ။ အဲဒီအချိန်မှာ ကျွန်မကို တလေး
        တစား ဆက်ဆံတဲ့လူကြီးတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ် ။ ဒီလိုလူမျိုးအဖြစ် ကြီးပြင်းချင်တယ်ဆိုပြီး တွေးမိစေတာ ဆရာ
        ဆုဘိုတက ပထမဆုံးပါပဲ ။”
စာမေးပွဲကြီး ဖြေခါနီး အပြန်အလှန်လက်ဆောင်ပေးကြစဉ် ‘ဆယက’က သင်တန်းဆရာ(ဆုဘိုတ)ကို ပေးခဲ့တဲ့စာလက်ဆောင်ပါ ။ မျှော်လင့်ချက်ပျောက်ပြီး လမ်းမှားပေါ်ရောက်ခဲ့တဲ့ ကျောင်းသူလေးတစ်ယောက်ရဲ့ခံစားချက်ကို နားလည်သိမြင်စေပါတယ် ။ ဇာတ် သိမ်းခန်းကတော့ အားလုံး မျှော်လင့်ထားတဲ့အတိုင်းပါပဲ ။ တစ်ချိန်က ဘာရည်မှန်းချက်မှ မရှိခဲ့တဲ့ ဖလန်း-ဖလန်းကျောင်းသူလေး ‘ဆယက’ဟာ တည်ငြိမ်ရင့်ကျက်တဲ့အမူအရာတွေ ၊ အတွေးတွေနဲ့ ကဲအိုတက္ကသိုလ်တက်ဖို့ ရထားစီးပြီး ထွက်ခွာသွားပုံနဲ့ အဆုံးသတ်ထားပါတယ် ။
ပျက်စီးသွားတဲ့လူငယ်တစ်ယောက်ဟာ သူ့ဗီဇကြောင့်ဖြစ်နိုင်သလို သူ့ပတ်ဝန်းကျင်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဗီဇကြောင့် ဖြစ်တည်နေတဲ့ပျက်စီးမှုကို ပြုပြင်ဖို့ မလွယ်ကူပေမဲ့ ပတ်ဝန်းကျင်ကြောင့် ပျက်စီးသွားရတဲ့ကလေးတစ်ယောက်ကိုတော့ အလေးထား ဆက်ဆံမှုတွေ၊ ဂရုစိုက်ကြင်နာမှုတွေ၊ လမ်းပြဖေးမမှုတွေနဲ့ လွယ်လွယ်ကူကူပြုပြင်ယူနိုင်ကြောင်း ၊ အထူးသဖြင့် ဒီလိုမျိုးကလေးတွေ အတွက် မိဘ/ဆရာတွေရဲ့အခန်းကဏ္ဍက အဓိကကျကြောင်းဒီရုပ်ရှင်မှာ တွေ့မြင်ရမှာပါ ။ နောက်ပြီး …
   “ မင်း ရေးထားတဲ့စာစီစာကုံးလည်း တော်တော်ကောင်းပါတယ် ။ ဒါပေမဲ့ စာစီစာကုံးဆိုတာ နှစ်ဖက်အမြင်ကို မျှအောင်မရေးရင်
      အမှတ်ကောင်းမှာ မဟုတ်ဘူး ။”
   “ သတင်းဆိုတာ ကိုယ် ယုံရင်ယုံသလောက် အဓိပ္ပာယ်ပြောင်းသွားတယ် ။ သတင်းကိုပဲဖတ်ပြီး အဖက်ဖက်က မျှမတွေးတတ်ရင်
      တကယ့်အမှန်ကို မြင်နိုင်မှာမဟုတ်ဘူးနော် ။”
အစရှိတဲ့-စကားလုံးတွေကလည်း အလွယ်တကူယုံကြည်ပြီး သွေးဆူတတ်တဲ့ကျောင်းသားလူငယ်တွေရဲ့ဦးနှောက်ကို ရင့်ကျက်မှု တွေ ပြည့်နှက်လာအောင် လမ်းပြဆွဲခေါ်ပေးနေသလိုပါပဲ ။
ကလေးလူငယ်တွေကို ဒါလုပ် - ဒါ မလုပ်နဲ့…လို့ အမိန့်ပေးနေမယ့်အစား လုပ်သင့်တာ ၊ မလုပ်သင့်တာကို ကိုယ်တိုင် ခွဲခြား တတ်အောင် (၁)-စာအုပ်စာပေ ဖတ်ရှုမှု ၊ (၂)-သတင်းနားထောင်မှု ၊ (၃)-မျှတအောင် တွေးခေါ်ဆင်ခြင်မှု ၊ (၄)-ပတ်ဝန်းကျင် လေ့လာမှု - စတာတွေ အားကောင်းလာစေရန် ပျိုးထောင်ပေးသင့်ကြောင်း ဖော်ပြသွားတဲ့အချက်တွေကလည်း နှစ်ခြိုက်ချင်စရာ ၊ အတုယူချင်စရာ ကောင်းလှပါတယ် ။
ကလေးတွေကို ပျိုးထောင်ရခြင်းဟာ ပန်းတစ်ခင်းကို စိုက်ပျိုးရသလိုပါပဲ ။ ပန်းပင်တစ်ပင်နဲ့တစ်ပင် မတူညီသလို ကလေး တစ်ယောက်နဲ့တစ်ယောက်လည်း မတူညီနိုင်ပါဘူး ။ အနန္တဂိုဏ်းဝင် ဆရာသခင်တွေဟာ နည်းပရိယာယ်ကြွယ်ဝစွာနဲ့ စေတနာ မေတ္တာ ကရုဏာ ရှေ့ထားပြီး စောင့်ရှောက်လမ်းပြမှသာ ပန်းလေးတွေ လှလှပပပွင့်လန်းနိုင်မှာပါ ။ ဥယျာဉ်မှူးနဲ့တူတဲ့ ဆရာတွေရဲ့ လက်ထဲမှာ ဒီပန်းလေးတွေရဲ့အနာဂတ် ရှိနေတာကြောင့် ပန်းပျိုးလက်တွေမှာ မေတ္တာတရားတွေ ဝေဖြာနေမယ်ဆိုရင် ပန်းပင်လေး တွေဟာ သူ့အလိုလို ပွင့်ဖူးနိုးကြားလာမှာပါ-ဆိုတဲ့အသိအမြင်တွေနဲ့အတူ ……
ကလေးတွေရဲ့စိတ်ခံစားချက်တွေကို မိဘ ၊ ဆရာတွေ သဘောပေါက်နားလည်နိုင်စေဖို့ ရည်သန်လို့ ဒီဇာတ်ကားကောင်း လေးကို မျှဝေလိုက်ရပါတယ် ။ ။
@      ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ ………



စေတနာရှေ့ထားလျက်…

                                                                                                                                
                                                                                                          ဂါဦးနွန်းကို 


https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။ 


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။