Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ပဟေဠိဆန်သော ဆံချည်တစ်မျှင်

( ၂၀၁၇ ဖေဖော်ဝါရီလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတို )



        
~ အရက်သမား အမှားတစ်ရာ…ဆိုသောစကားအတိုင်း ကျွန်တော်တို့နှစ်ယောက်ပဲ မှားယွင်းခဲ့ကြသလား ။
~ ဒါမှမဟုတ် တစ်စုံတစ်ယောက်၏ကျီစယ်မှုကို ကျွန်တော်တို့နှစ်ယောက် ခံခဲ့ရတာလား ။
မည်သို့ပင်ဖြစ်စေ…ချောက်ချားစရာကောင်းခဲ့တာတော့ အမှန်ပင် ။ ပဟေဠိဆန်သော ဆံချည်တစ်မျှင် တွေ့မြင်ခဲ့ရသည့်ထိုနေ့ညကို ကျွန်တော် သည်တစ်သက် မေ့နိုင်လိမ့်မည်မထင်ပါ ။   

RRRRR

        အခန်းတံခါးကို ပိတ်လိုက်ပြီ ။ ခန့်မော်က စားပွဲပေါ်မှအရာကို အမြတ်တနိုးစိုက်ကြည့်ပြီး ကျွန်တော့်ကို  မျက်ခုံးပင့်ပြသည် ။ ကျွန်တော်ကလည်း ခန့်မော်၏မျက်နှာကို ပြုံးစိစိလှမ်းကြည့်ပြီး ခေါင်းကို ဆတ်ခနဲညိတ်ပြသည် ။ ဒါက ကျွန်တော်တို့နှစ်ယောက်ပဲ နား လည်လွယ်သည့် အသံတိတ်ဘာသာစကားတစ်ခု ။
       ခန့်မော်က စားပွဲပေါ်မှာ အရက်ပုလင်းများကို အာသာငမ်းငမ်းစိုက်ကြည့်နေရာမှ ကျွန်တော့်ကို မျက်ခုံးပင့်ပြသည်က…
   “ ဘယ်လိုလဲ ။ သောက်ကြတော့မလား ။ အခန်းတံခါးတွေလည်း ပိတ်ပြီးပြီ ။ အလုပ်တွေလည်း ပြီးပြီ ။ ငါတို့ မူးလို့ရူးလို့ရပြီ ။”
ဆိုသောအဓိပ္ပာယ် ။ ဒါကို ကျွန်တော်က သဘောပေါက်၍…
   “ သောက်ကြစို့ ။ ငါလည်း သွားရည်ယိုနေပြီ ။”
ဟူသောသဘောဖြင့် ခေါင်းကို ဆတ်ခနဲညိတ်ပြလိုက်ခြင်းဖြစ်သည် ။
        ခန့်မော်က ခပ်မြန်မြန်ငတိ ။ ကျွန်တော့်ဆီက သဘောတူညီမှုရသည်နှင့် အရက်ပုလင်းနှစ်လုံးကို ကောက်ခါငင်ခါ ဖွင့်လိုက် သည် ။ ဘလက်လေဘယ်၏တပ်မက်ဖွယ်ရနံ့သင်းသင်းက ကျွန်တော့်နှာသီးဝဆီသို့ ကလူတူတူမြူတူတူ တိုးဝှေ့ဝင်ရောက်လာသဖြင့် ကျွန်တော် တံတွေးကို ဂလုခနဲအသံမြည်သည်အထိ မြိုချလိုက်ရ၏ ။ သွားရည်တွေ ယိုနေပြီပဲကိုးဗျ ။
        အချိန်ကုန်မှာစိုး၍ ခန့်မော် အရက်ပုလင်း ဖွင့်နေသည့်အခိုက် ကျွန်တော်က ကြော်လှော်ဝယ်ခြမ်းထားသော အမြည်းပစ္စည်းများ ကို သွားပြေးယူသည် ။ ဝက်သားကြော် ၊ အာလူးချောင်းကြော် ၊ ဘဲသွေးကြော် ၊ ကြက်ဆီဘူးကင်နှင့် မြေပဲဆားလှော် ။
   “ ဟာကွာ…မင်းကလဲ ။ ကန်စွန်းရွက်ကြော်လေး လုပ်ပါဆိုတာကို ။”
   “ မင့်ကြီးဒေါ် ကန်စွန်းရွက်သည်က ဆိုင်မှမဖွင့်ဘဲနဲ့ ။ ငါက ဘယ်မှာ သွားဝယ်ရမှာတုံး ။”
ခန့်မော်က သူ စားလိုသောကန်စွန်းရွက်ကြော် မပါသဖြင့် အမြည်းတာဝန်ခံ-ကျွန်တော့်ကို အပြစ်တင်သည် ။ ကျွန်တော်ကလည်း မမူး ခင်ကတည်းက ဆတ်ဆတ်ထိမခံသမား ။ ချက်ချင်း ပြန်ပက်သည် ။
       ဟုတ်လည်းဟုတ်တာပဲ ။ ကျွန်တော်တို့က ကျောင်းတက်နေသူများဖြစ်ရာ မနက်ဆိုလျှင် ဈေးသွားရန်အချိန် မရှိ ။ သည်ရက်ပိုင်း လည်း အားလှသည်မဟုတ် ။ ညနေခင်းတွင် တိုက်ခန်းရှေ့၌ ရောင်းချသော ကုန်စိမ်းဆိုင်ဖွင့်မှပဲ ဝယ်ခြမ်းချက်ပြုတ်ရ၏ ။ ယခုညနေ ထိုကုန်စိမ်းဆိုင် မဖွင့်သဖြင့် ကန်စွန်းရွက် ဝယ်၍မရ ။ သို့ကြောင့် ကျွန်တော့်အကြိုက် ဝက်သားကြော်၊ အာလူးချောင်းကြော်နှင့် ကြက် ဆီဘူးကင်တို့ကို ဆိုင်မှဝယ်ယူလာပြီး ဘဲသွေးနှင့်မြေပဲဆားလှော်ကမူ ဤအခန်း၏စားဖိုမှူးဖြစ်သည့်-ကျွန်တော့်လက်ရာများပင် ။
   “ အေးပါကွာ ။ ငါက အပြစ်တင်တာ မဟုတ်ပါဘူး ။ ငါ စားချင်လို့ပြောမိတာပါ ။ ကဲ…ရှိတာနဲ့ ဆွဲတာပေါ့ ။”
ကျွန်တော်က ပြန်ပက်တော့ ခန့်မော်ခမျာ မျက်နှာချိုသွေးရှာသည်။ သွေးမှာပဲလေ ။ ဤအခန်းမှာ သူနှင့်ကျွန်တော် နှစ်ယောက်တည်း ငှားရမ်းနေထိုင်ခြင်းဖြစ်ရာ ကျွန်တော်သာ စိတ်ဆိုးပြီး ထ,ပြန်သွားပါက သူ ပြဿနာတက်မည်မဟုတ်လား ။ သူမှ တစ်ယောက်တည်း မနေဝံ့ဘဲကိုး ။
   “ အိုကေ သယ်ရင်း ။ အပြတ်အသတ်သာ ဆွဲ…”
   “ ကြည့်ကြပ်လည်းသောက်ဦး ပိုင်နိုင်ရေ ။ တော်ကြာ အရက်သီးလို့ မာလကီးယားသွားဦးမယ် ဟီးဟီး ။”
   “ ဟဲ…ဟဲ…”
ခန့်မော်က နောက်သည် ။ ကျွန်တော်က သူ့အပြောကို သဘောကျ၍ တဟဲဟဲရယ်သည် ။ ခန့်မော်ကတော့ နောက်လည်းနောက် ၊ သောက်လည်းသောက်ဟုဆိုရမည် ။ ကျွန်တော် ရယ်နေတုန်းမှာပဲ သူက ကောက်မော့နေပြီ ။
RRR
     ခန့်မော်နှင့်ကျွန်တော်-ပိုင်နိုင်က (……)တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော နောက်ဆုံးနှစ်ကျောင်းသားများ ဖြစ် သည် ။ နှစ်ယောက်လုံး နယ်မှကျောင်းလာတက်သူများဖြစ်၍ နေရေးထိုင်ရေးအတွက် အဆောင်ငှားနေကြရသည် ။ အဆောင်ဆိုပေမဲ့ ကျောင်းအိပ်ကျောင်းစားအဆောင်မျိုး မဟုတ် ။ ရွှေပြည်သာမြို့နယ်ထဲက နှစ်ထပ်အိမ်တစ်လုံး၏အခန်းငယ်လေးတစ်ခန်းကို နှစ်ဦး စပ်တူ ငှားရမ်းထားခြင်းဖြစ်သည် ။ ရန်ကုန်မြို့၏အခန်းငှားခကလည်း ဈေးမသေးလှပေ ။
      ခန့်မော်က မန္တလာသား ။ အသားညိုညို အရပ်မြင့်မြင့်နှင့် ပြေပြစ်သောရုပ်ရည်ရှိသဖြင့် ကျောင်း၌ အတန်အသင့် မျက်နှာပွင့်သူ တစ်ယောက်ဟုဆိုရမည် ။ သင်း(ဒင်း)ကလည်း ခြေငြိမ်လှသည်တော့ မဟုတ် ။ မြင်မြင်ကရာ‘မ’သတ္တဝါတွေကို မျက်စိမှိတ်ပြကာ အထာပေးလေ့ရှိသလို လာရောက်ရောနှောသော-မိန်းမလည်လေးများကိုလည်း လိုက်လျောညီထွေပေါင်းသင်းခင်မင်လေ့ရှိသည် ။
      သို့သော်…နောက်ဆုံးနှစ်သို့ရောက်သည့်တိုင် သူ့ထံ၌ လက်ဆုပ်လက်ကိုင်ပြစရာ ချစ်သူရည်းစား မရှိသေးချေ ။ ဒါကလည်း သူ နှစ်သက်သည့်မိန်းကလေး မရှိ၍သာဖြစ်မည် ။ သူ့အနားသို့ တိုးကပ်နေသူများထဲက တစ်စုံတစ်ယောက်ကိုသာ ချစ်ကြိုက်မိ၍ တစ် ချက်လောက်များ ဖွင့်ပြောလိုက်ပါက ခေါင်းညိတ်လက်ခံမည့်သူချည်းရယ် ။ ဤမျှလောက် မြာစွံသော-ခန့်မော် ။
      ကျွန်တော်လား…ကျွန်တော်က မွန်ပြည်နယ်သား ။ ကျွန်တော်က ‘ပိုင်နိုင်’ဆိုသည့်နာမည်အတိုင်း မပိုင်နိုင်လျှင် ဘာတစ်ခုမျှ မလုပ် ။ နောက်ပြီး အသားဖြူဖြူ ပုအိုင့်အိုင့်-ကျွန်တော့်ကိုလည်း မိန်းကလေးများက ဝိုင်းကြွေပိုးပန်းနေခြင်း မရှိသဖြင့် ခန့်မော်ကဲ့သို့ ရွေးချယ်စရာ မများပြားလှပါ ။ အနီးအပါးမှ ရင်းနှီးသူများကိုသာ လိုက်လံချိန်ရွယ်နေခဲ့ရသည် ။ သည်မှာပဲ ချစ်ရသူတစ်ဦးကို ရှာတွေ့ ခဲ့၏ ။
      ပထမနှစ်ကတည်းက ခင်မင်ရင်းနှီးနေခဲ့သော အတန်းဖော်သူငယ်ချင်းမ-မိုးမဉ္ဇူအပေါ် သံယောဇဉ်ပိုမိရာမှ ချစ်နှောင်ကြိုး တိုးလာ ၍ ဖွင့်ပြောဖြစ်ခဲ့ပြီး လွန်ခဲ့သောနှစ်လကပဲ ချစ်သူများဖြစ်ခဲ့ကြသည် ။ ခန့်မော်ကတော့ ကျွန်တော့်ကို တော်တော်လက်သွက်တဲ့ကောင် တဲ့ ။ ဟုတ်လည်းဟုတ်တာပါပဲ ။ သူ့လို ဟိုဟာကောင်းနိုး၊ သည်ဟာကောင်းနိုး ရွေးလွန်းနေလျှင် တစ်ကောင်တည်း ကျန်ရစ်ဖြစ်တတ် သည်ပဲ မဟုတ်လား ။
RRR
     ကျွန်တော်က အရက်ကို ဇိမ်ခံသောက်ရင်း ရောက်တတ်ရာရာများ တွေးတောလျက်ရှိပေမဲ့ ခန့်မော်ကတော့ ဤနေရာမျိုးကျ တကယ့်လက်တွေ့သမား ။ အမြည်းတစ်ဖတ်ကို ပါးစပ်ထဲ ပစ်ထည့်လိုက် ၊ အရက်ကို တစ်ကျိုက်မော့သောက်လိုက်နှင့် နတ်မင်းစည်း စိမ်မျိုးကို စိမ်ပြေနပြေခံစားလျက်ရှိသည် ။ ကျွန်တော်လည်း ဟိုဟိုသည်သည်တွေးနေရင်း အရက်ပုလင်းနှင့်အမြည်းများကို ဝေ့ကြည့် လိုက်မိသည် ။ ဟိုက်ခနဲ ထအော်မိမတတ်ဖြစ်သွားရ၏ ။ အမြည်းက တစ်ဝက်ကျိုးနေပြီ ။ အရက်လည်း တော်တော်ကုန်နေပြီ ။
   “ ဟိတ်ကောင်…ဖြည်းဖြည်းချင်း ဇိမ်ခံသောက်လေကွာ ။ မင့်ဟာက ရေတလျှောက်ထဲ လောင်းထည့်နေသလိုဖြစ်နေပြီ ။ ပြီးမှ
      ထမရစ်နဲ့နော် ငါ့ကောင် ။”
   “ မတတ်နိုင်ဘူးလေကွာ ။ ဒီအတိုင်းကြီး ထိုင်သောက်နေမှတော့ ပျင်းတာပေါ့ကွ ။ ဒီတော့ မြန်မြန်ကုန်တာပေါ့ ။ အဲ…ငါတို့ ရုပ်ရှင်
     ကြည့်ရင်း သောက်ကြမလား ။”
   “ အေး…ကောင်းတယ် ။ ဘာကားကြည့်မလဲ ။”
   “ ဟိုကားကြည့်မယ် ။”
   “ ဟာကွာ…မင်းကလဲ ။ မကြည့်ချင်စမ်းပါနဲ့ ။”
   “ ငါက တခြားအချိန်ဆို မကြည့်ရဲဘူးကွ ။ ငါ ကြောက်တတ်တာ မင်း သိသားနဲ့ ။ အရက်သောက်နေတဲ့အချိန်မို့ ကြည့်မှာ ။”
ထိုအခါမှ ခန့်မော်ဆိုလိုသော ‘ဟိုကား’၏အဓိပ္ပာယ်ကို ကျွန်တော် သဘောပေါက်သွားသည် ။ ဟိုကားဆိုတာ သရဲကားကို ခေါ်ခြင်း ဖြစ်သည် ။ ခန့်မော်က ထိုသို့ အူကြောင်ကြောင် ။ သရဲကားကိုပင် သရဲကားဟု မခေါ်ဝံ့လောက်အောင် သရဲကြောက်တတ်သူလည်း ဖြစ်သည် ။ ယခုလည်း ကြည့်ဦး ။ သရဲကားကိုများ ခေါ်ပုံက ဟိုကားတဲ့ ။ မသိလျှင် သူများ တစ်မျိုးထင်ချင်စရာ ။
   “ ကဲ…ကဲ…မင်း ကြည့်ချင်လည်း ကြည့်ကွာ ။ အေး…ကြည့်မယ့်ကြည့် Incidiousလောက် ကြည့်နော် ။ Conjuringတို့ Pemakတို့
     Supernaturalတို့က ကြောက်စရာတစ်စက်မှ မကောင်းဘူး ။ ပျင်းစရာကြီး ။”
ကျွန်တော်က ထိုသို့အကြံပြုတော့ ခန့်မော်က ဝမ်းသာအားရခေါင်းညိတ်သည် ။ အမှန်က ကျွန်တော် သူ့ကို ချွန်လိုက်တာပါ ။ သက် သက်ချောက်တွန်းလိုက်ခြင်းသာ ။
     Incidiousက ကြောက်စရာအကောင်းဆုံးသရဲဇာတ်လမ်းများထဲ၌ နံပါတ်ချိတ်ခဲ့ဖူးသည်ပဲကိုး ။ ဒါကို သရဲကား ကြည့်လေ့ကြည့်ထ မရှိသူ-ခန့်မော်က မသိပေ ။ ကျွန်တော် ဝယ်ယူထားသောအခွေဘူးထဲက incidious(1/2)ဆိုသောအခွေကို ရှာကာ ကွန်ပျူတာထဲသို့ ထည့်နေသည် ။ ပြီးလျှင် ထိုဇာတ်ကားကြောင့် သူ မည်မျှ ချောက်ချားသွားလိမ့်မလဲဆိုတာကို တွေးကြည့်ကာ ကျွန်တော် ကြိတ်ပြုံးမိ ပါပေါ့ ။
     သူ ဇာတ်လမ်းကြည့်ရင်း ကြောက်လန့်နေခိုက် ကျွန်တော်ကတော့ ကြည့်ပြီးသားဇာတ်ကားဖြစ်နေ၍ စိတ်ပါဝင်စားခြင်းမရှိဘဲ ဟို ဟိုသည်သည် ဆက်တွေးနေမိပါပြီ ။
       ဤနေ့က နှစ်လယ်စာမေးပွဲကြီး ပြီးဆုံးသွားသဖြင့် ကျွန်တော်တို့ကျောင်းသားတစ်စု အနားရနေသည့်ကာလ ။ နယ်မှကျောင်း လာတက်သူတချို့က နေအိမ်သို့ အားချင်းပြန်ကြပေမဲ့ ကျွန်တော်နှင့်ခန့်မော်ကတော့ မပြန်ဖြစ် ။ ကျွန်တော်က ပြန်ချင်ပေမဲ့ ခန့်မော် က မပြန်လို၍ ကျွန်တော့်ကိုလည်း မပြန်ရန် တားသည် ။
       ငါးနှစ်လုံးလုံး တွဲလာခဲ့သည့်ဘော်ဒါရင်းကြီးဖြစ်သောကြောင့် သူ့အကြောင်း မသိချင်မှ အဆုံး ။ သင်းက ငကြောက်ပဲလေ ။ ဤ အခန်းမှာ သူတစ်ယောက်တည်း ဘယ်နေဝံ့ပါ့မလဲ ။ ဒါနဲ့ပဲ ကျွန်တော်လည်း အိမ်မပြန်ဖြစ်တော့ဘဲ သူနှင့်ကျွန်တော် ပျော်သလိုနေကြ တော့သည် ။ အရက်ဂျိုးများ မဟုတ်ပေသိ ကျွန်တော်တို့နှစ်ယောက်လုံးကို စိတ်ပျော်ရွှင်မှု အပေးနိုင်ဆုံးအရာက ယမကာ ။
RRRRR
   “ ဒေါက်…ဒေါက်……ဒေါက်…ဒေါက်…”
   “ ဟဲ့…”
ကျွန်တော် အတွေးလွန်နေစဉ် အခန်းတံခါး ခေါက်သံကြားသည် ။ ထိုအသံကြောင့် ကျွန်တော့်အတွေးများ ပြတ်တောက်သွားကာ ရင် ထဲ ဒိန်းခနဲလန့်သွားမိသည် ။ သို့သော် အမူအရာတော့ ပျက်ယွင်းသွားခြင်းမရှိ ။
       အမူအရာပျက်ကာ အထိတ်တလန့်ထအော်သူက ခန့်မော် ။ သူက ဇာတ်ကားထဲ ဈာန်ဝင်နေခိုက် တံခါးခေါက်သံ ထွက်ပေါ်လာ သဖြင့် အထိတ်တလန့်ဖြစ်ကာ အာမေဋိတ်သံတစ်ခုကို ကယောင်ကတမ်းပြုလိုက်သည် ။ နှစ်ယောက်လုံး တပြိုင်နက်ဆိုသလို ပိတ် ထားသောတံခါးကို လှည့်ကြည့်မိကြသည် ။
   “ ဘယ်သူလဲဟ ။”
   “ ငါလည်း မပြောတတ်ဘူး ။ ည(၈)နာရီလောက်ကြီးကို ငါတို့ဆီ ဘယ်သူ လာစရာရှိလို့လဲ ။ ခန့်မော်…မင်းကိုကြိုက်နေတဲ့ကောင်မ
     လေးတွေထဲက တစ်ယောက်ယောက်များ လိုက်လာသလား မသိ ။”
 ကျွန်တော်က ခန့်မော်ကို လှမ်းနောက်လိုက်ရာ ခန့်မော်၏မျက်နှာကြီး ရှုံ့မဲ့သွားသည် ။ ကျွန်တော့်ကို မိန်းမကြီးတစ်ယောက်လို မျက် စောင်းလှလှထိုးကြည့်ရင်း ထိုင်နေရာမှထကာ တံခါးဆီသို့ လျှောက်သွားသည် ။ ပါးစပ်ကလည်း…
   “ မိုးမဉ္ဇူက မင်းကို ခိုးဖို့အတွက် လာခေါ်တာလည်းဖြစ်နိုင်တာပဲ ။ အင်းလေ…ဆူးပေါ် ဖက်ကျလည်း ဆူးကျိုး ၊ ဖက်ပေါ် ဆူးကျ
     လည်း ဆူးကျိုးတဲ့ခေတ်ဆိုတော့ မင်းဘဝ ရေတိမ်မနစ်ရအောင် သူက တာဝန်ယူရတော့မှာပေါ့ ဟီးဟီး ”
ခန့်မော်က ကျွန်တော့်ဗိုက်ကို လှမ်းကြည့်ပြီး ပြီတီတီပြောသည် ။ သူ ပြောမှ ကျွန်တော်လည်း မလုံမလဲနှင့် ဗိုက်ကို ငုံ့ကြည့်မိ၏ ။ ဟုတ်လည်းဟုတ်သား ။ ကျွန်တော့်ဗိုက်က ဘီယာနှင့်အရက်များ၏တန်ခိုးတော်ဖြင့် မို့မောက်ဖောင်းထွက်နေပြီ ။
   “ မသာ…တံခါးဖွင့်စရာရှိ မြန်မြန်ဖွင့် ။ တော်ကြာ…မင်းအမေလင် ဧည့်စာရင်းစစ်တဲ့လူတွေ ဖြစ်နေဦးမယ် ။”
ကျွန်တော်က နာလောက်အောင်လှမ်းဆဲပေမဲ့ ခန့်မော်က အရယ်မပျက် ။ ရယ်ရယ်မောမောနှင့် တံခါးချက်ကိုဖြုတ်ကာ တံခါးကို ဖွင့် လိုက်၏ ။
RRR
   “ ဟင်…”
တံခါးကို ခပ်ဟဟဖွင့်ကာ ပြူးကြောင်ကြောင်ဖြစ်သွားသော-ခန့်မော်၏အမူအရာကြောင့် ကျွန်တော်လည်း အရက်ကို ဆက်မသောက် နိုင်သေးဘဲ သူ့ဘက်သို့လှည့်ကာ…
   “ ဘယ်သူလဲ ခန့်မော် ”
ဟု လှမ်းမေးလိုက်သည် ။ သို့သော်…ခန့်မော်ထံက အဖြေတစ်စုံတစ်ရာ ထွက်ကျမလာ ။ ရှေ့ကိုသာ ပြူးတူးတူးစိုက်ကြည့်နေသည် ။
       မင်သက်အံ့သြသွားခြင်း ၊ လန့်ဖျပ်တုန်လှုပ်သွားခြင်း-စသည့်အမူအရာမျိုးတွေက သူ့မျက်နှာပေါ်သို့ ဖြည်းဖြည်းချင်း ပြေးတက် လာသည် ။ သူ့မျက်နှာကြီး ဘယ်လိုပင်ဖြစ်နေပါစေ…ကျွန်တော် စိတ်မဝင်စား ။ တံခါးခေါက်သူဟာ ဘယ်သူဘယ်ဝါဆိုတာပဲ သိလို၍ ကျွန်တော် ထိုင်နေရာမှ ထလာလိုက်ပြီး တံခါးဆီသို့ လျှောက်လာလိုက်၏ ။
   “ ဟောဗျာ ။ ဘယ်သူမှလည်း မရှိဘူး ။ စောစောကတည်းက ဘယ်သူမှ မတွေ့ဘူးလား ခန့်မော် ။”
အပြင်သို့ ချောင်းကြည့်လိုက်သည့်အခါ တွေ့မြင်လိုက်ရသည်က ဗလာနတ္ထိ ။ တံခါး၏အပြင်ဘက်မှာ မည်သူမျှ မရှိ ။
       ဘယ်,ကမြင်းမသား လက်ဆော့သွားပါလိမ့်ဟုတွေးရင်း ကျွန်တော် စိတ်တိုသွားသည် ။ တံခါးဝမှာ ပြူးကြောင်ကြောင်ရပ်နေသူ-ခန့်မော်ကိုလည်း သေချာအောင်မေးလိုက်ရသည် ။ သို့သော်…ခန့်မော်ကမူ တစ်စုံတစ်ရာ မဖြေသေးဘဲ တောင့်တောင့်ကြီးရပ်နေဆဲ ။
   “ ဟိတ်ကောင်ခန့်မော်…မင်း ဘာဖြစ်နေတာလဲ ။ ငါ ပြောတာ မကြားဘူးလား ။ ဘယ်သူ့ကို တွေ့လိုက်လဲလို့ ။”
   “ အမလေး…! ဟို…ဟို…ဟိုဟာ…”
ကျွန်တော်က ခန့်မော်၏ပုခုံးကို ဖတ်ခနဲပုတ်လိုက်မှ သူ ‘အမလေး’ထ,တ,သည် ။ ကျွန်တော့်ဘက်ကို အလန့်တကြားလှည့်ကြည့်ပြီး ထစ်အ,နေသည် ။
   “ ဟိတ်ကောင်…ပြောစရာရှိ မြန်မြန်ဆန်ဆန်ပြောကွာ ။ ငါ စိတ်မရှည်တော့ဘူး ။”
ကျွန်တော်ကလည်း နဂိုကတည်းက စိတ်လက်တစ်ဆစ်သမားလေ ။ အရက်ကလည်း နည်းနည်းဝင်ထားပြီဆိုတော့ အ,ထစ်အ,ထစ် ဖြစ်နေသည့်ခန့်မော်အပေါ် စိတ်တိုလာသဖြင့် အော်ဟစ်လိုက်သည် ။ ထိုအခါမှ ခန့်မော်လည်း သတိဝင်လာဟန်ဖြင့်…
   “ ဟို…သရဲ…သရဲလို့ ထင်တာပဲ ။”
ဟု ကယောင်ကတမ်းပြောသည် ။
   “ ဟေ…သရဲ ဟုတ်လား ။ ဘယ်လိုပုံစံလဲ ။”
နဂိုက စိတ်မရှည်ဖြစ်ပြီး စိတ်တိုချင်ချင်ရှိပေမဲ့ ခန့်မော်၏အဖြေစကားကြောင့် ကျွန်တော် ရယ်ချင်သွားသည် ။ သရဲတဲ့ ။ စောစောက ကြည့်နေသောဇာတ်ကားနှင့် ရောထွေးသွားပုံရသည် ။ အင်းလေ…အရက်လည်း သောက်ထားမှတော့ ဖြစ်ပြီပဲပေါ့ ။
   “ မ…မပြောတတ်ဘူးကွ ။ ငါလည်း တံခါးဖွင့်လိုက်ရော ရိပ်ခနဲမြင်လိုက်ရတယ်ထင်တာပဲ ။”
   “ အေးလေ ။ ဘယ်လိုပုံစံကို မြင်လိုက်ရတာလဲလို့ ။”
   “ အာ…ရိပ်ခနဲမြင်လိုက်ရတာပါဆိုနေမှ ။ ဘယ်လိုလုပ်ပြီး ပုံဖော်လို့ရမှာလဲ ။ ဟို…မိန်းမတစ်ယောက်လို့ ထင်တာပဲ ။ မပြောတတ်
     ဘူး ။ ငါပဲ မူးနေသလားမသိ ။”
   “ ခွိ…ခွိ…အဟိဟိ…ဟားဟား…”
အစပိုင်းတွင် ကျွန်တော် မရယ်မိအောင် ထိန်းပါသေးသည် ။ သို့ပေမဲ့ မည်သို့မျှ ထိန်းမရတော့၍ တဟားဟား ရယ်ချလိုက်မိပြီ ။ ရယ် လျှင်လည်း ရယ်ချင်စရာပဲလေ ။ သရဲမကို ရိပ်ခနဲတွေ့လိုက်ရသတဲ့ ။ ဘယ်လောက်ယုတ္တိမဲ့လိုက်သလဲဆိုတာ ။
      ကျွန်တော့်ရယ်သံကြောင့် ခန့်မော်၏မျက်နှာ ညိုမည်းသွားသည် ။ သူ့ကို လှောင်ပြောင်ရကောင်းလားဟုတွေးကာ စိတ်ဆိုးသွား ပုံရသည် ။ တံခါးကို ဝုန်းခနဲဆောင့်ပိတ်ကာ ကွန်ပျူတာရှေ့သို့ ထွက်သွားသည် ။ ကျွန်တော်ကတော့ တံခါးအနီးမှာ ပြုံးစိစိကျန်ရစ်ခဲ့ရ ၏ ။
     အဆောင်ဟုဆိုခဲ့ပေမဲ့ အမှန်တော့ နှစ်ထပ်အိမ်တစ်လုံးသာဖြစ်သည် ။ ထိုနှစ်ထပ်အိမ်ထဲတွင် အခန်းကျဉ်းလေးပေါင်း မြောက်များ စွာ ပါဝင်နေသည် ။ ကျွန်တော်တို့က ထိုအခန်းကျဉ်းလေးများထဲက အခန်းတစ်ခန်းကို ငှားရမ်းထားခြင်းသာ ။ အခန်းထဲမှာ ရေချိုးခန်း နှင့်အိမ်သာ မပါ ။ ရေချိုးလိုလျှင် ၊ အိမ်သာသွားလိုလျှင် အောက်ထပ်သို့ဆင်းရသည် ။ အောက်ထပ်၌ အိမ်ငှားအားလုံးအတွက် အများသုံးရေချိုးခန်းနှင့်အိမ်သာ (၅)လုံးစီ ရှိသည် ။
RRR
      ခန့်မော်က ဆောင့်ဆောင့်အောင့်အောင့်အမူအရာဖြင့် ကွန်ပျူတာရှေ့သို့ ထွက်ခွာလာပြီး ကုလားထိုင်တွင် ဝင်ထိုင်သည် ။ ထို့ နောက် စောစောက ရပ်ထားသော-သရဲကားကို playလိုက်ရင်း အရက်ခွက်ဆီသို့ လက်လှမ်းလိုက်၏ ။ အရက်ပုလင်း ၊ အရက်ခွက်နှင့် အမြည်းများက ကွန်ပျူတာနှင့်ထိုင်ခုံများကြားရှိ စားပွဲငယ်ပေါ်တွင် တင်ထားခြင်းဖြစ်သည် ။
   “ အမလေး…ဘာကြီးတုံးဟ ။”
ခန့်မော်ရှိရာဆီသို့ ကျွန်တော် လျှောက်လာစဉ် ခန့်မော်က ရုတ်တရက် ထအော်သည် ။ မျက်နှာကလည်း ဖရိုဖရဲ ပြူးတူးပြဲတဲ ။ ကြည့် ရတာ ချောက်ချားစရာတစ်ခုခုကို ရုတ်တရက် တွေ့လိုက်၍လားပဲ ။ သူ့ကြည့်နေရာဆီသို့ လှမ်းကြည့်လိုက်တော့ ဘာမျှမရှိ ။ သူ တစ်ယောက်တည်း ဘာတွေမြင်နေသလဲ မသိ ။
   “ ဟိတ်ကောင်ခန့်မော်…ဘာဖြစ်ရပြန်ပြီလဲ ။ တစ်ယောက်တည်း ဘာတွေထအော်နေတာလဲ ။ အရက်ကြောင့် မူးရူးနေတာလို့ဆိုရ
      အောင်ကလည်း မင်း သောက်တာဖြင့် ဘယ်လောက်မှမရှိသေးဘူး ။”
ကျွန်တော်က ခန့်မော်ကို လှမ်းဆူလိုက်ရင်း သူရှိရာဆီသို့ လျှောက်လာလိုက်သည် ။ ကျွန်တော်က လှမ်းအော်ပေမဲ့ ခန့်မော်က ကျွန် တော့်စကားကို အဖက်မလုပ်နိုင် ။ တဆတ်ဆတ်တုန်နေသောလက်ကိုသာ လေထဲသို့ မြှောက်လိုက်ပြီး…
   “ ဒီ…ဒီမယ်…ဒီမယ်…”
ဟုဆိုလိုက်သည် ။ တစ်စုံတစ်ရာကို လက်ညှိုးထိုးညွန်ပြနေခြင်းဖြစ်သည် ။ သူ ညွှန်ပြနေသောနေရာ၌ အရက်ခွက်နှင့်အရက်ပုလင်း များသာရှိ၏ ။
   “ ဘာလဲ ။ အရက်ပုလင်း တစ်ဝက်ကျိုးနေတဲ့ကိစ္စကို ထအော်တာလား ။ သောက်ရူး…အဲဒါ စောစောက ငါတို့ သောက်ထားတာ
     လေ ။ ဘယ်သရဲမှ လာမသောက်ဘူး ။”
ကျွန်တော်ကလည်း ကျွန်တော်ပါပဲ ။ အလကားနေရင်း ဆူဆဲကာ မာန်မဲတတ်သည့်အကျင့်ရှိ၏ ။ ခန့်မော်က တော်ရုံတန်ရုံဒေါသ မထွက်တတ်မှန်းသိနေ၍ ကျွန်တော်ကချည်း ဆူဆဲနေမိပြီ ။ ကျွန်တော် ဆူဆဲငေါက်ငမ်းနေပေသိ ခန့်မော်၏မျက်နှာ၌ စိတ်ဆိုးခြင်း အရိပ်အယောင်များ မရှိ ။ ဇဝေဇဝါအကြည့်တို့ဖြင့် ကတုန်ကယင်ရှိနေဆဲသာဖြစ်၏ ။
   “ မဟုတ်ဘူးလေ ပိုင်နိုင်ရာ ။ ဒီမယ်…ဖန်ခွက်တွေပေါ်မှာ…”
ထိုအခါမှ ခန့်မော်၏လက်ညှိုးက ဖန်ခွက်များအပေါ်သို့ ညွှန်ပြနေခြင်းဖြစ်မှန်းသိရ၍ သူ ညွှန်ပြရာဆီသို့ ကျွန်တော် ကြည့်လိုက်မိသည့် အခါ…တွေ့မြင်လိုက်ရသည့်အရာက ရှည်လျားတုတ်ခိုင်သော ဆံချည်မျှင်တစ်ချောင်း ။
   “ ဟာ…”
မည်သို့ဖြစ်သွားသည်မသိ ။
     ထိုအရာကိုမြင်လိုက်ရသည့်တစ်ခဏ ကျွန်တော့်ခန္ဓာကိုယ်အနှံ့အပြားတွင် ကြက်သီးဖုလေးများ ထပြေးကုန်သည် ။ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထသွားသည် ။ ထိုအရာကို မြင်သည့်အခိုက် ဘာကြောင့် ကြက်သီးထသွားရသလဲဆိုတာကို ကျွန်တော်ကိုယ် တိုင်လည်း နားမလည်နိုင်သေး ။ ကျွန်တော်ဟာ တော်တန်ရုံကြောက်လန့်တတ်သူ မဟုတ်ပါ ။
- ဘာမဟုတ်တဲ့ ဒီဆံပင်ရှည်တစ်ချောင်းကို မြင်ရုံနဲ့ ငါ ကြောက်စရာလား ။
ထိုသို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ဖန်ခွက်များပေါ်မှ ထိုအရာကို ငေးငိုင်စိုက်ကြည့်နေမိပြီ ။
    ခန့်မော်က အတော်လန့်နေပုံရသည် ။ သူ အလွန်ခုံမင်သည့် အရက်ပုလင်းနှင့်အရက်ခွက်များဆီသို့ လက်မလှမ်းဝံ့ဟန်ဖြင့် ကြောင် ငေးကြည့်နေ၏ ။ ထိုဆံနွယ်တစ်ချောင်းနှင့်ပတ်သက်ပြီး ဒွိဟလည်းဖြစ်နေသည့်ပုံ ။ သူမှမဟုတ်…ကျွန်တော်ကိုယ်၌လည်း ထိုနည်း လည်းကောင်း ။ ဒီဆံပင်တစ်ချောင်း-ဘယ်က ဘယ်လို ရောက်လာသလဲဟူသောအတွေးဖြင့် ငိုင်တွေသွားမိပြီ ။
RRR
     အရိုးသားဆုံးဝန်ခံရသော် ကျွန်တော်တို့တွေဟာ လူလွတ်လူငယ်များဖြစ်၍ လူငယ်ပီပီ ပျော်ချင်ပါးချင်သည်မှန်သော်လည်း မိန်းမ ကိစ္စ၌တော့ ကင်းရှင်းကြသည် ။ ခန့်မော်ဆိုလျှင် မိန်းကလေးများနှင့် ကြူတတ်အီတတ်သည်ကလွဲ၍ ဟိုဟိုသည်သည်ပတ်သက်တာ မျိုး တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ ။ ကျွန်တော်ကိုယ်တိုင်လည်း သူငယ်ချင်းကတဆင့် ချစ်သူဖြစ်လာသော-မိုးမဉ္ဇူနှင့် သမီးရည်းစား သဘာဝ လည်ပတ်ချိန်းတွေ့သည်ကလွဲလျှင် အဆောင်သို့ ခေါ်လာတာမျိုးကို ယောင်လို့တောင် စိတ်မကူးမိခဲ့ ။ ကျွန်တော်တို့နှစ်ဦး ငှားရမ်းနေထိုင်သော-ဤအခန်းသို့ ဣိတ္ထိယ မဝင်ဖူးသည်မှာ နှစ်ပရိစ္ဆေဒကြာညောင်းနေပါပေါ့ ။
   “ တော်တော်ရှည်တာပဲကွ ။”
စိတ်မရှည်တတ်သူ-ကျွန်တော်ကပဲ ဖန်ခွက်များပေါ်မှ ထိုဆံပင်ကို ဆိုးဆိုးဆတ်ဆတ်ကောက်ယူကာ သုတေသနပြုလုပ်လိုက်၏ ။
       သေချာပါသည် ။ မိန်းမတစ်ယောက်၏ဆံပင်သာဖြစ်လိမ့်မည် ။ အရှည်က နှစ်တောင်နီးပါးခန့် ။ အမျိုးသမီးတစ်ယောက်၏ တင်ပါးပေါ်အထိ ဝဲပျံနေမည့် ဆံနွယ်မျိုး ။ ဘယ်ကဘယ်လို ရောက်လာပါလိမ့် ။ ထိုမေးခွန်းကို ကိုယ့်ဘာသာကိုယ် ဒုတိယအကြိမ် မေးမိပြန်ပြီ ။
   “ မိစု…မိစုများလား…”
ဆံနွယ်ကို ကိုင်ကြည့်ရင်း ကျွန်တော် စဉ်းစားခန်းဝင်နေစဉ် ခန့်မော်ထံမှ တိုးဖွဖွရေရွတ်သံ ထွက်ကျလာသည် ။
- မိစု…မိစုဆိုပါလား ။ ဘယ်သူ့ကို ပြောတာလဲ …
ကျွန်တော် ခန့်မော်၏မျက်နှာကို စိုက်ကြည့်လိုက်တော့ သူ့မျက်နှာတွင် စိုးရိမ်သောကရိပ်တို့ လျံတက်ကာ မိုးတိမ်မည်းတစ်ခုလို ညို့ မှိုင်းအုံ့ဆိုင်းနေသည် ။
   “ ဘယ်သူလဲ ။ မိစုဆိုတာ ဘယ်သူလဲ ခန့်မော် ။ မင်း ဘာကိုပြောချင်တာလဲ ။”
   “ မိစုဆိုတာ ငါ့ညီမလေကွ ။ ညီမလေးအကြောင်း မင်းကို ငါ တစ်ခါပြောဖူးသားနဲ့ ။ ဘုရား…ဘုရား ညီမလေး ဘာမှမဖြစ်ပါစေနဲ့ ။”
ခန့်မော်က တုန်တုန်ရင်ရင်အသံဖြင့် ဆိုရင်း ကျွန်တော့်ကို မော့ကြည့်သည် ။ သူ့မျက်ဝန်းမှာ မျက်ရည်စများ ရစ်သိုင်းဝေလို့ ။
       သူ ဘာကိုပြောချင်သလဲဆိုတာကို ကျွန်တော် သဘောပေါက်လိုက်ပြီ ။ သူ့ညီမ-စုစုမော်အကြောင်း ခန့်မော် တစ်ခါလား ပြောဖူး သည် ။ ခန့်မော်၏အောက်တွင် အသက်(၆)နှစ်ကွာသည့် ညီမလေးတစ်ယောက်ရှိကြောင်း၊ စုစုမော်တွင် တင်ပါးကျော်ကျော်ရှည်လျား သည့် ဆံပင်ရှည်ကြီးများရှိသဖြင့် ကာလသားများ၏ မျက်စိကျမှုကို အထူးခံရကြောင်း၊ ညီမဖြစ်သူအတွက် အမြဲစိတ်ပူနေခဲ့ရကြောင်း တို့ကို ခန့်မော် တစ်ခါ ပြောဖူး၏ ။ ဒါဆို…ဤရှည်လျားလျားဆံနွယ်က စုစုမော်၏ဆံပင်တစ်ချောင်းလား ။ ဒါဖြင့်…စုစုမော်ဟာ…။
RRR
       သေလွန်သူတို့သည် သူတို့ ချစ်ခင်တွယ်တာသူများထံသို့ စွဲလမ်းစိတ်ဖြင့် ရောက်ရှိလာတတ်ကြောင်း နိုင်ငံရပ်ခြားမှတစ္ဆေသရဲ သုတေသနပြုစာအုပ်စာတမ်းများမှတဆင့် ကျွန်တော် ကြားသိခဲ့ရဖူးသည် ။ ဘာသာရေးဖြင့် ကြည့်လျှင်လည်း ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်-လေးဘုံဌာနအနက် သေလွန်ပြီး စွဲလန်းတွယ်တာမိပါက ဝိညာဉ်ဘဝ တစ်နည်းအားဖြင့် ပြိတ္တာဘဝသို့ ရောက်ရှိတတ် သည်ဟုကြားဖူး၏ ။
     ဤသို့ဆိုလျှင် အစ်ကိုဖြစ်သူအပေါ် စွဲလမ်းစိတ်က ခန့်မော်၏နှမ-စုစုမော်ကို ဝိညာဉ်ဘဝသို့ ရောက်ရှိစေခဲ့သလား ။ အလွန်ချစ်ခင် သော အစ်ကိုဖြစ်သူကို စွဲလမ်းနေ၍ ဤဆံနွယ်တစ်ချောင်းကို အထင်တရှားပြကာ တမလွန်မှ လာရောက်နှုတ်ဆက်ခြင်းလား ။ ကျွန် တော်လည်း ထိုကိစ္စအပေါ် ဥာဏ်မမီနိုင်တော့ ။
     ခန့်မော်ခမျာတော့ နှမဖြစ်သူအတွက် စိတ်ပူပြီး ငါးရံ့ပြာလူးသလို ဖျတ်ဖျတ်ခါနေပြီ ။ အရူးမီးဝိုင်းသလို ယောက်ယက်ခတ်နေရှာ ပြီ ။
   “ ငါ…ငါ စိတ်ပူတယ်ကွ ။ ငါ့ညီမ ဘာများဖြစ်နေပြီလဲ မသိဘူး ။ ဘယ်လိုလုပ်ရမလဲ ဟင်…ပိုင်နိုင် ။ ပြောပါဦး ။”
   “ ဟိတ်ကောင်…အဲဒီလောက်လည်း စိတ်မပူစမ်းနဲ့ ။ သြော်…မေ့နေလိုက်တာ ။ ဖုန်းဆက်ကြည့်ပါလားကွ ။ အကြောင်းတစ်ခုခုသိရ
      အောင် မင်းမိဘတွေဆီ ဖုန်းဆက်ကြည့်လေကွာ ။”
   “ ဟမ်…အေး…အေး ဟုတ်သားပဲ ။ ငါ့နှယ်…မေ့နေလိုက်တာ ။ ဖုန်းဆက်ကြည့်ရမယ် ။”
ခန့်မော်က ပြောပြောဆိုဆိုဖြင့် ဟန်းဖုန်းကို လှမ်းယူကာ သူ့အိမ်၏ဖုန်းနံပါတ်ကို ကောက်ဆက်လိုက်သည် ။ တစ်ဖက်က ချက်ချင်း ဖုန်းမကိုင်သေး၍ ခန့်မော်မှာ အခန်းကျဉ်းလေးကို ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ကနာမငြိမ်ဖြစ်နေသည် ။
       သူ မပြောနှင့် ။ ကျွန်တော်ပင် ရင်တထိတ်ထိတ် ။ နှစ်ယောက်သား အရက်သောက်နေခိုက် ရုတ်တရက်ကြားလိုက်ရသည့် တံခါး ခေါက်သံ ။ သွားဖွင့်ကြည့်တော့လည်း ဘာကိုမျှမတွေ့ရ ။ ခန့်မော်ကတော့ မိန်းမတစ်ယောက်၏ပုံရိပ်ကို ဝိုးဝိုးဝါးဝါးတွေ့လိုက်ရသတဲ့ လေ ။ ဒါကလည်း မသင်္ကာစရာ ။ ခန့်မော်၏ညီမလေး-စုစုမော်တစ်ယောက် ရုတ်တရက် သေဆုံးသွား၍များ အစ်ကိုဖြစ်သူကို လာ ရောက်နှုတ်ဆက်လေသလားဟုသာ တွေးလိုက်မိသည် ။ သို့ပေမဲ့ မရေမရာ ။ စဉ်းစားလေ နားလည်ရခက်လေ ။
      ဘယ်အချိန်များ ခန့်မော်၏မိဘများက ဟန်းဖုန်း၏တစ်ဖက်ခြမ်းမှနေ ငိုသံကျယ်ကြီးနှင့် ထူးလိုက်တော့မလဲဟု တွေးရင်း ကျွန် တော်ကိုယ်တိုင်လည်း ခန့်မော်နည်းတူ စိုးရိမ်ပူပန်နေမိပါပြီ ။
   “ ဟယ်လို…”
   “ ဟယ်လို…အမေလား ။ အမေ…သားပါ ။ ခန့်မော်ပါ ။ ညီမလေးရောဟင် ။ ညီမလေး နေကောင်းရဲ့လား ။”
   “ ကောင်းပါတယ် သားရဲ့ ။ ဘာဖြစ်လို့လဲ ။ မင်း ညီမ ဟိုမယ်…စာကြည့်နေတယ် ။”
   “ သြော်…ဒါဆို ညီမလေး အိမ်မှာပဲပေါ့ ။ တကယ်ပဲ ရှိပါတယ်နော် ။ အမေရယ် မလိမ်ပါနဲ့ ။ မိစု အကောင်းအတိုင်းပဲလား ။”
   “ ရော်ကွယ်…အမေက လိမ်စရာလား သားရယ် ။”
   “ ဟူး…တော်သေးတာပေါ့ အမေရယ် ။ သားက ညီမလေးအတွက် စိတ်ပူနေတာ ။”
   “ ဟဲ့…ဘာဖြစ်လို့တုံး ။ မင်း ဘာတွေကြားမိလို့လဲ ။”
   “ အာ…ဘာမှမကြားပါဘူး ။ ဟို…သတင်းစာတွေထဲမှာ လူကုန်ကူးတာတွေပါနေတော့ ညီမလေးအတွက် စိတ်ပူလို့ပါ ။”
   “ အေး…အေး…သားလေး ။ မင်းနှမက လိမ္မာပါတယ် ။ စာလည်းကြိုးစားတယ် ။ ဘာမှမစိုးရိမ်နဲ့နော် သားငယ် ။”
   “ ဟုတ်ကဲ့…အမေ ။ သားလည်း အဆင်ပြေပါတယ် ။ ဟိုလေ…သတိရလို့ဆက်လိုက်တာပါ ။ ဒါဆို…ဖုန်းချလိုက်တော့မယ်နော် ။”
ထိုအခါမှပဲ စောစောက ညိုပုပ်မည်းနေသော-ခန့်မော်၏မျက်နှာကြီးသည် တိမ်စင်သော-လပမာ ဝင်းပသွားသည် ။ ကျွန်တော်ကိုယ်၌ လည်း ယခုမှပဲ သက်ပြင်းရှိုက်နိုင်တော့၏ ။
RRR
    “ တော်ပါသေးရဲ့ ။ ငါက ညီမလေးများ တစ်ခုခုဖြစ်သလားလို့ ။ မင်းပဲ စဉ်းစားကြည့်လေ ။ စောစောက ငါတို့နှစ်ယောက် အရက်
      သောက်နေတုန်းက ဒီဆံပင် မရှိပါဘူး ။ ဟော…တံခါးခေါက်သံကြားလို့ ထကြည့်တော့ မိန်းမတစ်ယောက်ကို ငါ ရုတ်တရက်
      တွေ့လိုက်ရတယ် ။ ဒါကတော့ ငါ အရက်မူးနေလို့ ယုန်ထင်ကြောင်ထင်မြင်တယ်ပဲထားဦး ။ ပြန်လည်းရောက်ရော ဒီအရက်
      ခွက်တွေပေါ်မှာ ဒီဆံပင်ရှည်ကြီးက ရောက်နေတယ် ။ ကြမ်းပြင်မှာ တွေ့တာမျိုးဆို သိပ်မဆန်းဘူး ။ ခုဟာက ငါတို့မြင်အောင်
      တမင်ချထားသလိုမျိုး ကန့်လန့်ကြီး ၊ ထင်ထင်ရှားရှားကြီး ။ နောက်ပြီး ဒီဆံပင်ကိုလည်းမြင်ရော ငါ့တစ်ကိုယ်လုံး ကြက်သီး
      တဖြန်းဖြန်းထသွားတယ် ကဲ…”
ခန့်မော်က သူ့စိတ်ထဲရှိသမျှကို အိတ်သွန်ဖာမှောက်ပြောပြရင်း ကြက်သီးထလာဟန်ဖြင့် လက်နှစ်ဖက်နှင့် လက်မောင်းများကို ပွတ် သပ်လို့နေသည် ။ အံ့သြစရာပင် ။ ကျွန်တော်ကိုယ်တိုင်လည်း ခန့်မော်နှင့်ထပ်တူ ခံစားခဲ့ရသည်မဟုတ်လား ။ ဒါဆို ဒီဆံပင်ရှည်က ဘာလဲ ။ နားလည်ရခက်ပါဘိ ။
   “ အဲ…နေပါဦး ။ မင်းချစ်သူ-မိုးမဉ္ဇူလည်း ဆံပင်တော်တော်ရှည်နေပြီနော် ။”
   “ အေးဟ ။ မဉ္ဇူရဲ့ဆံပင်က တင်ပါးကျော်နေပြီကွ ။ ဟာ…နေပါဦးကွ ။ ဒါဆို…ဒါဆို မဉ္ဇူများ တစ်ခုခုဖြစ်နေသလား ။”
ခန့်မော်၏သတိပေးစကားက ကျွန်တော်ကို လန့်ဖျပ်သွားစေပြီ ။ ကျွန်တော့်မျက်လုံးအစုံ ပြူးကျယ်ဝိုင်းစက်ကုန်သည် ။
      သည်တစ်ခါတော့ ကျွန်တော့်အလှည့်ဟုဆိုရမည် ။ စိုးရိမ်ပူပန်စိတ်တို့က တရိပ်ရိပ်တက်လာသဖြင့် ဦးခေါင်းတစ်ခုလုံး ထူပူကုန်ပါ ပေါ့ ။ စောစောက သူများအတွက် ပူပန်ပေးသည့်စိတ်က ကိုယ့်ကိုယ်ပိုင်အပူနှင့် နှိုင်းယှဉ်သော် မြင့်မိုရ်တောင်နှင့်ဆီးစေ့လောက် ကွာ သည် ။ ရေနွေးပူထဲ ဝင်စိမ်နေရသလိုမျိုး တစ်ကိုယ်လုံး ပူထူလာသည် ။ စိုးရိမ်စိတ်ကြောင့် ရင်တစ်ခုလုံး ဗြောင်းဆန်သွားရပြီ ။
     ရှားရှားပါးပါးရထားသော ချစ်သူလေး-မိုးမဉ္ဇူတစ်ယောက် ဘာများဖြစ်နေပြီလဲ ။ သူမက သည်ညနေ ကျူရှင် သွားစရာရှိသည်ဟု ဆိုသည် ။
- ဘုရား…ဘုရား…ကားများ တိုက်သလား ။ ဒါမှမဟုတ် …
ဟန်းဖုန်းကို လှမ်းဆွဲကာ ဖုန်းနံပါတ်ကို နှိပ်သည် ။ အယောင်ယောင်အမှားမှားနှိပ်နေမိ၍ စိတ်ကိုထိန်းကာ မိုးမဉ္ဇူ၏ဖုန်းနံပါတ်ကို သေချာရှာပြီး ဆက်လိုက်သည် ။ တစ်ချက်နှစ်ချက် ခေါ်ပြီးသည်နှင့် တစ်ဖက်က ဖုန်းကိုင်လိုက်သည် ။ ကျွန်တော့်မှာလည်း ရင်ထိတ် ရုံတင်မက ရင်ထဲ တဒိန်းဒိန်းဖြစ်နေပြီ ။ တစ်ဖက်ခြမ်းမှနေ ကျွန်တော် မကြားချင်ဆုံးအရာတွေများ ကြားရတော့မလား…။
   “ ဟယ်လို…မောင်လား ။ ဘာကိစ္စရှိလို့လဲ ။ မဉ္ဇူ အခု ကျူရှင်မှာ စာသင်နေတာ ။”
မဟုတ်ပါ ။ တော်ပါသေးရဲ့ ။ တစ်ဖက်မှ ချစ်သူလေး၏ချိုမြမြထူးသံလေးကိုကြားရမှပဲ ကျွန်တော့်ရင်ဘတ်ကြီး အေးမြသွားသည် ။
RRR
      မိုးမဉ္ဇူကို အခန်းထဲတွင် ဆံပင်ရှည်ကြီးတစ်ချောင်း တွေ့သဖြင့် သူမများ တစ်ခုခုဖြစ်သလားဟုတွေးကာ စိတ်ပူသွား၍ ဖုန်းဆက် မိကြောင်းဆိုတော့ မယ်မင်းကြီးမလေးက သူ့အတွက် စိတ်ပူတာကို ကျေးဇူးတင်မည်မရှိ ။ မဟုတ်တာတွေကို မသင်္ကာဖြစ်နေသော ကြောင့် အသည်းအသန်ရှင်းပြရသေးသည် ။ နောက်ဆုံးမှာတော့…
   “ မောင်နော်…မဉ္ဇူ မသိအောင် မဟုတ်တာတွေ လုပ်မယ်မကြံနဲ့ ။ အသက်ချင်း လဲပစ်လိုက်မယ် ဟွန်း…”
ဟုခြိမ်းခြောက်ကာ ဖုန်းချသွားလေသည် ။
      ခန့်မော်နှင့်ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သက်ပြင်းရှည်ကြီးကို ပြိုင်တူချမိသည် ။ ဘယ်လိုပါလိမ့်…။ တော်တော်လေး ဂြိုလ်မွှေသောဆံပင်ရှည်တစ်ချောင်းပင် ။ ကျွန်တော်တို့နှစ်ယောက်လုံးကို ခဏတာ သွေးဆူအောင် ၊ သောကပွေ အောင် ပြုစားသွားနိုင်သည် ။ ယခုတော့ သည်ဆံပင်ရှည်ပိုင်ရှင်က ခန့်မော်၏ညီမ-စုစုမော်လည်း မဟုတ် ၊ ကျွန်တော့်ချစ်သူ-မိုးမဉ္ဇူ လည်း မဟုတ် ။ ဒါဆို…ဒီပဟေဠိဆန်တဲ့ဆံချည်တစ်မျှင်က ဘယ်သူ့ဆံပင်လဲ ။ တခြားကလွင့်လာသည်ဆိုရအောင်ကလည်း အခန်း က လုံပိတ်နေသည် ။ မည်သို့မျှ မဖြစ်နိုင်သည့်အချင်းအရာ ။
        အရက်ဝိုင်းသည် ပဟေဠိဆန်သော ဆံနွယ်ရှည်တစ်ချောင်းကြောင့် ပျော်ရွှင်ခြင်းတို့ နိတ္ထိတန်သွားခဲ့သည် ။ နှစ်ယောက်လုံး လည်း မူးမည်မှမကြံသေး ၊ ထူးထူးဆန်းဆန်းတွေ ကြုံနေရသဖြင့် စိတ်ထွေပြားခြင်း ၊ စိတ်ချောက်ချားခြင်းတို့နှင့်အတူ မအီမသာဖြစ် ခြင်းကိုပါ ခံစားနေရ၍ အရက်ကို စိမ်ပြေနပြေသောက်မနေတော့ဘဲ အမူးသောက်ပစ်လိုက်သည် ။ မူးမှပဲ အရာအားလုံးကို မေ့ပျောက် နိုင်မည် ။ ဒါမှလည်း ဘယ်ကရောက်လာမှန်းမသိသည့် ဆံရှည်တစ်ချောင်း၏ရာဇဝင်ကို မှန်းဆစိတ်ကူးနေမှုတို့ အဆုံးသတ်သွားလိမ့် မည် မဟုတ်ပါလား ။




   “ ဒေါက်…ဒေါက်…ဒေါက်…”
ခေါက်ပြန်ပြီ…သည်တံခါး ။ ထိုတံခါးခေါက်သံကြောင့် ကျွန်တော် လန့်နိုးလာသည် ။ ပတ်ဝန်းကျင်သည် လင်းချင်းနေပြီ ။
    ညက ကျွန်တော်တို့နှစ်ယောက် စိတ်နောက်ကိုယ်နောက်ဖြင့်  အမူးသောက်ကာ အိပ်ပျော်သွားခဲ့ကြရာ ယခုမှသာ အိပ်ရာက နိုး သည် ။ နာရီကိုကြည့်တော့ မနက်(၈)နာရီ ။ ကြမ်းပြင်ပေါ်တွင် လှဲအိပ်နေရာမှ ကျွန်တော် လူးလဲထပြီး ခြေရင်းတွင် ပုဆိုးကြီးလန် လျက်(ဘောင်းဘီပါ၍ တော်သေးသည်) တခေါခေါအိပ်မောကျနေသော-ခန့်မော်ကို ခြေထောက်နှင့်ကန်နှိုးလိုက်သည် ။ ခန့်မော်က အုအုအဲအဲအော်ရင်း နိုးလာသည် ။
   “ ဒေါက်…ဒေါက်…ဒေါက်…ဒေါက်…”
    တံခါးခေါက်သံကမူ တရစပ်ထွက်ပေါ်နေ၏ ။ ဘယ်သူများပါလိမ့်…။ ဘာလို့ တစ်ချိန်လုံး တံခါးခေါက်နေရတာလဲ ။ စိတ်လက်တစ် ဆစ်သမား-ကျွန်တော်က တံခါးရှိရာဆီသို့ ပြေးဝင်သွားလိုက်ရင်း ပါးစပ်ကလည်း ဗြစ်တောက်ဗြစ်တောက်အော်လိုက်သည် ။
   “ လာပြီဗျို့…လာပြီ ။ တကတည်း…ခေါက်နေလိုက်တာများ မပြောလိုက်ချင်ဘူး ။ သူများတကာတွေ အိပ်နေကြတယ်…။ အလိုက်
      ကန်းဆိုးလေးများ သိပါဦး ။”
   “ ကျွီ…”
   “ အဲတော်…အကြီးစိန် ။”
တံခါးဖွင့်လိုက်သည့်အခါ တွေ့မြင်လိုက်ရသူက အကြီးစိန်အမည်ရှိသော ဒေါ်စိန်မြင့် ။ ဒေါ်စိန်မြင့်ကို မြင်လိုက်ရသဖြင့် ကျွန်တော့် မျက်နှာလည်း အလိုအလျှောက် အော်တိုမက်တစ်,ပြုံးသွားသည် ။
   “ အေး…ငါပဲ ။ နင်တို့တွေ ခုချိန်ထိ မထကြသေးဘူးလား ။ ဘယ်နှနာရီရှိပြီလဲ ။ လူငယ်တွေဖြစ်ပြီး စောစောစီးစီးမထကြဘူး…ဟင်း
      မပြောလိုက်ချင်ဘူး ။ အနံ့ဆိုးတွေကလည်း နံဟောင်နေရောပဲ …”
   “ ဟဲဟဲ…ဟို…ခါတိုင်း ကျွန်တော်တို့ အစောကြီးထနေကျပါ ။”
   “ အောင်မာ…ဒါဆို ဒီနေ့ ဘာလို့မထတုံး ။”
   “ ဟိုလေ…သြော်…ညက ကျွန်တော်တို့နှစ်ယောက် စာကြည့်တာ ညနက်သွားလို့ ။”
   “ အပိုတွေ…ဟွန်း ။ ကဲပါ…ရော့ ။ ဒီနေ့ ငါ့သမီးလေး ဆုံးတာ တစ်နှစ်ပြည့်တဲ့နေ့ပဲ ။ မနက်ကပဲ ဘုန်းကြီးတွေပင့်ပြီး အာရုံဆွမ်း
     ကပ်ပြီးသွားပြီ ။”
ဒေါ်စိန်မြင့်က ပြောပြောဆိုဆိုနှင့် ဒန်ပေါက်နှစ်ထုပ်ကို ကမ်းပေးသည် ။ တင်းမာခက်ထန်နေသော-ဒေါ်စိန်မြင့်၏မျက်နှာတွင် ဝမ်းနည်း ကြေကွဲရိပ်တို့ကို သတိထားမိလိုက်သဖြင့် ကျွန်တော် ကြောင်ငေးကြည့်နေမိသည် ။
     ဒန်ပေါက်နှစ်ထုပ်ကို လက်ခံယူလိုက်သည့်အခါ ဒေါ်စိန်မြင့် ချာခနဲလှည့်ထွက်သွားသည် ။ ခြေသံကြမ်းကြမ်းကြီးက ကျွန်တော်တို့ အခန်းရှေ့မှာ ပဲ့တင့်ထပ်လျက်ကျန်ရစ်ခဲ့၏ ။ မျက်စိရှေ့က ဒေါ်စိန်မြင့် ပျောက်ကွယ်သွားတော့မှ ကျွန်တော် တံခါးပိတ်လိုက်သည် ။ နောက်လှည့်ကြည့်လိုက်တော့ ခန့်မော် နိုးနေပြီ ။
   “ ဝှါး…ဘယ်သူလာသွားတာလဲ ။”
ခန့်မော်က အပျင်းကြောဆန့်ရင်း မေးသည် ။
   “ အကြီးစိန်ပါ ။”
   “ အဲဒီအိမ်ရှင်အဘွားကြီးက ဘာလာလုပ်တာလဲ ။”
   “ ဒီနေ့ သူ့သမီးလေး ဆုံးတာ တစ်နှစ်ပြည့်တဲ့ ။ အဲဒါ ငါတို့အတွက် ဒန်ပေါက်လာပို့သွားတယ် ။”
   “ သြော်…သန္တာလေး ဆုံးသွားတာတောင် တစ်နှစ်ပြည့်ပြီကိုး ။ အင်း…သူ့ကို ခုထက်ထိ ငါ့မျက်စိထဲ မြင်ယောင်နေတုန်းပဲ ။
      အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ ကြည့်ကောင်းရတဲ့အထဲ ဆံပင်ကလည်း အရှည်ကြီးဆိုတော့ မြန်မာဝတ်စုံလေးနဲ့ဆို သိပ်လှတဲ့
      ကောင်မလေး ။ နှမြောစရာကောင်းလိုက်တာကွာ ။ လှေကားပေါ်က ချော်ကျရတယ်လို့ ။ အင်း … ငါ့မျက်စိရှေ့မှာတင်ပဲ    
      ချော်ကျသွားတာလေ ။ ခုထိ မှတ်မိနေတုန်း ။”
ခန့်မော်က စိတ်မကောင်းဖြစ်ဟန်ဖြင့် ဆိုရင်း ဟင်းခနဲသက်ပြင်းရှိုက်သည် ။ နှစ်ယောက်သား ခဏမျှ ငြိမ်နေပြီးနောက် ခန့်မော်က မျက်နှာသစ်သွားတိုက်ရန် အောက်ထပ်သို့ ဆင်းသွားသည် ။ အပေါ်ထပ်မှာ ကျွန်တော် တစ်ယောက်တည်း အတွေးနယ်လွန်ရင်း ကျန်ရစ်ခဲ့ရပြီ ။
       စိတ်မျက်စိထဲတွင် မြင်ယောင်နေမိသည်က ဆံနွယ်ရှည်လေးများကို လှပသေသပ်စွာ စည်းနှောင်ထားတတ်သော အသက်(၁၈) နှစ်အရွယ်ရှိမိန်းမချောလေး-သန္တာ၏ ဖူးကြွကြွပုံရိပ်တချို့ ။ သန္တာက ချစ်စရာအလွန်ကောင်းသော မိန်းကလေး ။ မာန်မာန မရှိဘဲ ရိုး သားဖြူစင်သူလေး ။ ကျွန်တော်တို့အပေါ်တွင်လည်း အစ်ကိုလို ပြောဆိုခင်မင်တတ်သော ညီမငယ်လေး ။ လွန်ခဲ့သောတစ်နှစ်က ကျွန်တော်တို့အခန်းနှင့် (၃)ခန်းခြားတွင် နေထိုင်သော-သူမ၏အစ်ကိုထံသို့အလာ လှေကားထိပ်မှ ခြေချော်ကျခဲ့သည် ။ နေရာ၌ပင် ပွဲချင်းပြီး ဆုံးသွားခဲ့သည် ။  
      ချစ်စရာကောင်းပြီး သူမ၏အမေ-ဒေါ်စိန်မြင့်နှင့်မတူ ၊ ဖော်ရွေသွက်လက်သော-သန္တာလေးကို အဆောင်နေလူအားလုံးက ချစ်ခင် ကြသဖြင့် သူမ သေတော့ ငိုလိုက်ကြသည်မှာ အုန်းအုန်းကျွတ်ကျွတ် ။ သူမ၏အစ်ကိုခမျာလည်း သူ့ဆီလာရင်း သေရသည်ဟု တွေး ကာ စိတ်နာစိတ်ပျက်ပြီး နိုင်ငံခြားသို့ ထွက်သွားခဲ့သည် ။ ယခုဆို သန္တာ သေဆုံးတာ တစ်နှစ်ပြည့်ပြီ ။ ယနေ့သည် သူမအတွက် တစ် နှစ်ပြည့်ဆွမ်းသွပ်သည့်နေ့ ။
   သည်နေ့၌ သူမကို သတိတရတွေးတောမိသည် ။ သန္တာက အရက်သောက်တာကို လုံးဝမကြိုက်ပါ ။ သူမ၏အစ်ကို အရက်သောက် လျှင်လည်း အမြဲလိုလို ဆူပူတားမြစ်တတ်သူ ။ သူမအစ်ကိုနှင့် ခင်မင်နေသော-ကျွန်တော်တို့နှစ်ယောက်ကိုလည်း ကြုံလျှင်ကြုံသလို အရက်မသောက်ရန် ပြောဆိုတတ်သူ ။ ဒါဆို…
- မနေ့ညက အရက်ခွက်တွေပေါ်မှာ တွေ့မြင်ခဲ့ရတဲ့ ဆံပင်ရှည်တစ်ချောင်းဟာ သေဆုံးသူ-သန္တာနဲ့များ ပတ်သက်နေမလား…
လက်ထဲမှ ဒန်ပေါက်နှစ်ထုပ်ကို ငုံ့ကြည့်ရင်း ပဟေဠိဆန်သော-ဆံရှည်တစ်ချောင်း၏ရာဇဝင်ကို အဖြေရှာရခက်စွာဖြင့် ကျွန်တော် မှန်း ဆတွေးတောနေမိပါတော့သည် ။


                                                                                                                                စေတနာရှေ့ထားလျက် ...
                                                                                               ဂါဦးနွန်းကို